အထက်မင်းလှ ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄ ခုနှစ်အတွက် မိုးသီးနှံ စိုက်ပျိုးကြမည့် တောင်သူများအား မိုးသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ နံနက် ၁၀ နာရီက စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေအား ကျေးရွာအုပ်စု (၄၂)အုပ်စု၊ တောင်သူ (၃၀၀၀)ဦးအား ချေးငွေ ကျပ် (၂၁၀၀၀)သိန်း ထုတ်ချေးရန် လျာထားပြီး တောင်သူများ ပိုင်ဆိုင်ထားသော (ပုံစံ-၇) မူရင်းများကို ဘဏ်အပေါင်အဖြစ် ရယူထားပြီး တောင်သူတစ်ဦးချင်း ကိုယ်တိုင်အာမခံသည့် စနစ်ဖြင့် ရှင်းလင်းလွယ်ကူစွာ ထုတ်ချေးပေးလျက်ရှိသည်။
အဆိုပါ မိုးသီးနှံ ထုတ်ချေးရန် ကာလမှာ ၂၀၂၄ ခုနှစ်၊ မေလမှ စက်တင်ဘာလကုန်အထိ ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် ဇွန်လ(၄)ရက်နေ့တွင် စတင်ထုတ်ချေးပေးခဲ့ရာ ကျေးရွာအုပ်စု (၅) အုပ်စုမှ တောင်သူ(၅၈)ဦးအား မိုးသီးနှံထုတ်ချေးငွေ ကျပ် (၃၈၄.၅၀) သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ကျန်ရှိနေသည့် တောင်သူများအား မိုးသီးနှံ စိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)