တမူးမြို့တွင် (၂၀၂၄) ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ​တော် ကျင်းပ

တမူး၊ ဇွန် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် (၂၀၂၄) ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက် (၈)နာရီအချိန်က စော်ဘွား(၁၁)ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ယာဝန်းအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်း မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် တမူးခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းဦးနှင့် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမိုးကျော်သူတို့က  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး အောင်ခိုင်မိုး၊ ခရိုင်အထွေ​​ထွေအုပ်ချုပ်​ရေးဦးစီးဌာန​ ခေတ္တအုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်းနှင့် ဌာနဆိုင်ရာများထံ စိုက်ပျိုးမည့် ပျိုးပင်များပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်သစ်တောဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း အင်အား(၁၃၂)ဦးတို့က သတ်မှတ်နေရာအသီးသီးတို့၌ ကျွန်း(၃၀၀)ပင်၊ ပျဥ်းကတိုး(၃၀၀)ပင်၊  စုစုပေါင်း ပျိုးပင်ပေါင်း (၆၀၀)ပင်တို့ကို စနစ်တကျ စုပေါင်း စိုက်ပျိုးပေးခဲ့ကြသည်။

တမူးခရိုင် သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီ၌ သစ်ပင်စိုက်ပျိုးပွဲတော်ကို  နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး သစ်တောသစ်ပင်များ ပျက်စီးပြုန်းတီးပြီး ရာသီဥတုပြောင်းလဲလာသည့်အတွက် သစ်တောသစ်ပင်များကို ပိုမိုစိုက်ပျိုးထိန်းသိမ်းရန်နှင့် ၂၀၂၄ ခုနှစ်မိုးရာသီတွင် (၂) ပေနှင့်အထက် ပျိုးပင်ပေါင်း (၅၀၀၀)စိုက်ပျိုးရန်လျာထား ထားကြောင်း၊ ပျိုးပင်များကို သစ်တောဦးစီးဌာန ပျိုးဥယျာဥ်ခြံ၌ စနစ်တကျ ပြုစုပျိုးထောင်ထား​ပြီး ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် စိုက်ပျိုးနိုင်ရန် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။

တမူး(ပြန်/ဆက်)