မင်းဘူး မေ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဒေသခံပြည်သူများ သား/ ငါးဝယ်ယူစားသုံးမှု အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နယ်နိမိတ်အတွင်း(ဝက်၊ အမဲ၊ ဆိတ်)လိုင်စင်များမှ သားငါးများရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် နေ့စဉ်ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ထိုသို့ ဒေသခံပြည်သူလူထု စားသောက်ရေးအဆင်ပြေစေရန်နှင့် သား/ငါးများ ဝယ်ယူစားသုံးရာ၌ သက်သာသောဈေးနှုန်းဖြင့် တစ်ပြေးညီဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့မဈေးကြီးအပါအဝင် စကုဈေးများတွင်လည်း ဖွင့်လှစ်ရောင်းချနေသည့် သား /ငါး ဈေးဆိုင်ခန်းများတွင် ဈေးနှုန်းသတ်မှတ်ချက်များပါဝင်သည့် ဗီနိုင်းဆိုင်းဘုတ်များချိတ်ဆွဲ၍ ပြသခြင်း၊ Hand Speaker များဖြင့် လှည့်လည်ကြေညာပေးကာ စနစ်တကျရောင်းချစေခဲ့ကြောင်း သိရသည်။ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ဈေးကော်မတီဝင်များနှင့်အတူ မြို့နယ်စည်ပင်သာယာဈေး(၂)ခုတို့အား ကွင်းဆင်းသွားရောက်ပြီး(ဝက်၊ အမဲ၊ ဆိတ်)လိုင်စင်ဖြင့် သား/ငါးများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ အရိုး/အသား အဆီ/အရွတ်များရောနှော၍ ရောင်းချခြင်း ရှိ/မရှိနှင့် အလေးချိန်ခွင်မှန်ကန်မှု ရှိ/မရှိတို့ကို ကြပ်မတ် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က စည်ပင်သာယာဈေးများအလိုက်(ဝက်၊ အမဲ၊ ဆိတ်)ရောင်းချနေသူများနှင့် ဈေးသူဈေးသားများကို စားသုံးသူပြည်သူလူထု အစားအစာဘေးကင်းလုံခြုံရေးအတွက် ရောင်းချနေသည့် သား/ ငါးများနှင့် ဟင်းသီးဟင်းရွက်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ ဈေးဆိုင်ခန်းဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိရေး၊ နေ့စဉ်ဈေးရောင်းပြီးချိန်တိုင်း သန့်ရှင်းရေးမပြတ်ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ထားရှိသည့် ဈေးစည်းကမ်းများကို အလေးထားလိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)