မြဝတီ ဇွန် ၄
ကရင်ပြည်နယ်၊ မြဝတီမြို့၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီကော်ဖီပင် စိုက်ပျိုးပွဲအခမ်းအနားကို ဇွန် ၃ ရက်က အမှတ် (၄) ရပ်ကွက်ရှိ တောင်သူဦးစိန်ထွန်း၏ စိုက်ပျိုးရေးခြံ၌ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စိုက်ပျိုးရေးတောင်သူများ တက်ရောက်ကြသည်။
အဆိုပါစိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသန်းရွှေ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစည်လှိုင်တို့က ဦးဆောင်၍ စိုက်ပျိုးရေးတောင်သူ ဦးစိန်ထွန်း၏ (၁) ဧကစိုက်ခင်း၌ ရိုဘတ်စတာ ကော်ဖီပျိုးပင် ၄၃၅ ပင်အား တောင်သူများနှင့်အတူစုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသန်းရွှေက ရိုဘတ်စတာကော်ဖီမျိုးသည် မြေနိမ့်ကော်ဖီ အမျိုးအစားဖြစ်ကြောင်း၊ စိုက်ပျိုးမှုပုံစံအဆင့်ဆင့်၊ အပင်ရှင်သန်ကြီးထွားစေရန် ဂရုပြုရမည့်အချက်များ၊ စိုက်ခင်းမြေရွေးချယ်ရာတွင် မြေသားနက်၍ ရေစီးရေလာကောင်းမွန်သော မြေမျိုးရွေးချယ်ရမည်ဖြစ်ကြောင်းနှင့် ကော်ဖီသီးဆွတ်ခူးရာတွင် လုံးဝရင့်မှည့်ပြီး အနီရောင်ရှိသည့် အသီးများကိုသာ ဆွတ်ခူးကြရန် ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း (မြဝတီ)