စစ်ကိုင်းမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

စစ်ကိုင်း ဇွန် ၄

စစ်ကိုင်းခရိုင် သစ်တောဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈)နာရီက စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုအတွက် တစ်ကမ္ဘာလုံးမှပါဝင်လာအောင် ကုလသမ္မဂ္ဂရဲ့ အရေးပါတဲ့လုပ်ငန်း ဖြစ်ကြောင်း၊ အခုကျင်းပတဲ့မိုးရာသီသစ်ပင်စိုက်ပျိုးပွဲဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး မိုးဦးကာလအစ သစ်ပင်စိုက်ပျိုးရမဲ့ အချိန်အခါကောင်းကို ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်သူများထံအသိပေးနိုင်ရန်နှင့် လူတိုင်းလူတိုင်း သစ်ပင်များရဲ့အကျိုးကျေးဇူးကို ပိုမိုသိရှိနားလည်ကာ သစ်ပင်စိုက်ပျိုးရေးနှင့် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများကို ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စုပေါင်းသစ်ပင်စိုက်ပျိုးရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပျိုးပင်များကို ပေးအပ်ရာ သက်ဆိုင်ရာဌာနဆိုင်ရာများ/ လူမှုရေးအသင်းအဖွဲ့များက လက်ခံပေးခဲ့ကြပြီး စုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ကြကာ စစ်ကိုင်းခရိုင်သစ်တောဦးစီးဌာနအနေဖြင့် စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်တွင် မိုးရာသီအတွင်း ပျိုးပင်ပေါင်း (၆၀၀၀) သောင်း စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်