မကွေးမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာစိုက်ထူခြင်း၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲနှင့် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်

မကွေး ဇွန် ၄

မကွေးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် MPRL E&P Pte Ltd.(CSR အစီအစဉ်) တို့မှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဇွန်လ ၁ ရက်နေ့က မန်းရေနံမြေရှိ အောက်ကျောင်းကျေးရွာ အဝင်တွင် "သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး" မြေစိုက်ပိုစတာ စိုက်ထူခြင်းကို မကွေးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီစိုးမင်း ဦးစီး၍ အဖွဲ့ဝင် (၅)ဦးနှင့် MPRL E&P Pte Ltd. တို့ပူးပေါင်း၍ မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် အောက်ကျောင်းရွာ၊ အခြေခံပညာ မူလတန်းကျောင်းတွင် "သဲကန္တာရ တိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၄) ဦးဖြင့်လည်းကောင်း၊ ဇွန်လ (၂)ရက် နေ့တွင် မန်းရေနံမြေ၊ အေးမြကျေးရွာအတွင်းရှိ စာပေနန်းတော် စာကြည့်တိုက်တွင် ပန်းချီပြိုင်ပွဲကို မူလတန်းနှင့် အလယ်တန်းအဆင့်  ကျောင်းသား၊ ကျောင်းသူ (၁၄)ဦးဖြင့် လည်းကောင်း ကျင်းပဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ မန်းရေနံမြေရှိ မန်းကျိုး‌‌ဘုန်းကြီးကျောင်းတိုက်တွင်" သဲကန္တာရ တိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်မြတ်နိုးဝေက သဲကန္တာရ အမျိုးအစားများနှင့် ၎င်းတို့၏ ဝိသေသလက္ခဏာများ၊ မိုးခေါင်ရေရှားခြင်းနှင့် သဲကန္တာရဖြစ်ပေါ်ခြင်းကြောင့် ဆိုးကျိုးသက်ရောက်မှုများ၊ သစ်တောများမှ ရရှိနိုင်သော အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံနှင့် သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များ၊ မြေယာထိန်းသိမ်းရေး လုပ်ဆောင်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို ရာ/ဆရာမ များနှင့် ကျေးလက်နေပြည်သူများအား အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)