ပွင့်ဖြူ ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်းစားသုံးဆီ ဖူလုံစေရန်နှင့် ပြည်ပစားသုံးဆီတင်သွင်းမှု လျော့ချနိုင်ရန်အတွက် ရည်ရွယ်၍ တစ်မြို့နယ်လုံး ဆီထွက်သီးနှံ နွေနှမ်းစိုက်ဧက ၄၇၄၅၂ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရကာ အဆိုပါ နွေနှမ်းစိုက်ပျိုးရာ၌ စိုက်ပျိုးစရိတ် အရင်းအနှီး အကုန်အကျ သက်သာပြီး အထွက်နှုန်းတိုးပွားစေရန် ဆောင်ရွက်လုပ်ကိုင်နေသည့် ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာအုပ်စု၊ ဘိုကုန်းကျေးရွာမှ ဒေသခံတောင်သူ ဦးလှချိုနှင့် တွေ့ဆုံ မေးမြန်းထားမှုကို ရေးသားတင်ပြလိုက်ရပါသည်။
မေး။ ။ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ နွေနှမ်းစိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ရှင်းပြပေးပါ ခင်ဗျာ။
ဖြေ။ ။ ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံနှမ်းစိုက်ပျိုးမှုအနေနဲ့ဆိုရင် အထွက်နှုန်း ကောင်းမွန်စေဖို့ မြေဆီလွှာကောင်းအောင် ဘိုကာရှီ သဘာဝမြေဩဇာနဲ့ ထယ်ရေးခံခြင်း(မြေခံခြင်း) ပြုလုပ်ပါတယ်။ စိုက်ပျိုးရာမှာတော့ မိရိုးဖလာ စိုက်ပျိုးနည်းစနစ်နဲ့ စိုက်ပျိုးတဲ့အပြင် ဘောင်ကြီးတင် စနစ်နဲ့လည်း စိုက်ပျိုးပါတယ်။ စိုက်ပျိုးတဲ့နှမ်းမျိုးကတော့ ဂျပန်ဖြူနှမ်းမျိုးဖြစ်ပြီး တစ်ဧကကို နှမ်းမျိုးစေ့ (၂)ပြည် စိုက်ပျိုးပါတယ်။ စိုက်ပျိုးပြီး နှမ်းပင် လက်ပံပွင့်အရွယ်သာသာမှာ ရေတစ်ကြိမ် ဖျန်းပါတယ်။ နောက်ထပ် နှမ်းပင်များ အပွင့်တင်တဲ့အချိန်မှာ ရေတစ်ကြိမ် ထပ်ဖျန်းပေးပါတယ်။ စိုက်ပျိုးပြီး (၁၅)ရက်သားအရွယ်မှာ စပါးခွံ ပေါင်းခံရေ ပက်ဖျန်းပြီး (၂၀)ရက်သားအရွယ်မှာ ငါးအမိုင်နို ထပ်ဖျန်းပါတယ်။ ယခုဆိုရင် နှမ်းစိုက်ခင်းဟာ စိုက်ပြီးရက်(၅၀)အကြာမှာ အသီးအပွင့်တွေနဲ့ အောင်မြင် ဖြစ်ထွန်းနေပြီ ဖြစ်ပါတယ်။
မေး။ ။ အခြား စိုက်ပျိုးရေးသွင်းအားစုပစ္စည်းတွေ ဝယ်ယူသုံးစွဲခြင်းမပြုပဲ ကိုယ်တိုင်ပြုလုပ်တဲ့ သဘာဝမြေဩဇာတွေ ထည့်သွင်းအသုံးပြုပြီး နှမ်းစိုက်ပျိုးမှုရဲ့ ကွာခြားချက်လေးတွေလဲ ပြောပြပေးပါ အုံးခင်ဗျား။
ဖြေ။ ။ နှမ်းစိုက်ပျိုးရာမှာ မိရိုးဖလာ စိုက်ပျိုးနည်းနဲ့ ဓာတုဆေးတွေပါဝင်တဲ့ စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းတွေကို သုံးနေမယ်ဆိုရင် မြေဆီလွှာ ပျက်စီးမှုတွေ ဖြစ်စေနိုင်သလို သီးနှံအထွက်နှုန်းတွေလည်း တစ်နှစ်ထက် တစ်နှစ်ကွာခြားမှုတွေ ရှိလာမှာ ဖြစ်ပါတယ်။ နောက်ပြီး ဓာတုဆေးဝါးတွေ ပါဝင်တဲ့ စိုက်ပျိုးရေးသွင်းအားပစ္စည်းတွေကို ဝယ်ယူစိုက်ပျိုးအသုံးပြုမယ်ဆိုရင် တစ်ဧက ငွေကျပ် (၁၀)သိန်းဖိုး လောက် ကုန်ကျမှု ရှိပါတယ်။ ကျွန်တော်ဆိုရင် ယခု နွေနှမ်းစိုက်ပျိုးရာမှာ ဓာတုဆေးဝါးတွေ ပါဝင်တဲ့ စိုက်ပျိုးရေးသွင်းအားစုတွေကို ဝယ်ယူသုံးခြင်းမပြုပဲ ကိုယ်တိုင်ပြုလုပ်တဲ့ သဘာဝမြေဩဇာ၊ သဘာဝ ပိုးသတ်ဆေး/ ပေါင်းသတ်ဆေး၊ အပင်အားဆေးတွေကိုသာ ပြုလုပ်သုံးစွဲ စိုက်ပျိုးတာဖြစ်လို့ တစ်ဧကို စိုက်ပျိုးစရိတ် အရင်းအနှီး ငွေကျပ်(၅)သိန်းလောက်သာ ကုန်ကျမှု ရှိပါတယ်ဗျ။
မေး။ ။ စိုက်ပျိုးထားတဲ့ နှမ်းစိုက်ခင်းနဲ့ ပတ်သက်ပြီး အထွက်နှုန်းအနေနဲ့ တစ်ဧကကို ဘယ်လောက် ထွက်ဖို့ မျှော်မှန်းထားလဲ ရှင်းပြပေးပါခင်ဗျား။
ဖြေ။ ။ ယခု စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေတဲ့ နှမ်းစိုက်ခင်းအနေဆိုရင် မိုးလေဝသ မဖျက်ဆီးပါက တစ်ဧကကို သီးနှံအထွက်နှုန်း (၁၅) တင်းကျော် ထွက်ရှိမယ်လို့ မျှော်မှန်းထားပါတယ်။ ဒါကလဲ ကိုယ်တိုင်ပြုလုပ်သုံးစွဲတဲ့ သဘာဝစိုက်ပျိုးရေးသုံး သွင်းအားစုပစ္စည်းများကို ထည့်သွင်းပြီး စိုက်ပျိုးတဲ့ အကျိုးကျေးဇူးကြောင့် ဖြစ်ပါတယ်။ သဘာဝစိုက်ပျိုး ရေးသုံးသွင်းအားစုပစ္စည်းနဲ့ ထည့်သွင်းစိုက်ပျိုးတာကြောင့် ထွက်ရှိလာတဲ့ သီးနှံဟာလည်း စားသုံးသူပြည်သူတွေအတွက် အစားအစာ ဘေးကင်းလုံခြုံမှုကို ရရှိစေမှာ ဖြစ်ပါတယ်။
မေး။ ။ ဆီထွက်သီးနှံ နှမ်းစိုက်ပျိုးမှုနဲ့ ပတ်သက်ပြီး စိုက်ပျိုးစရိတ် အရင်းအနှီး အကုန်အကျသက်သာပြီး သီးနှံအထွက်နှုန်းကောင်းအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို အခြားသော တောင်သူတွေကိုလည်း သိရှိအောင် အကြံပြုချင်တာတွေရှိရင်လဲ ပြောပြပေးပါအုံးခင်ဗျား။
ဖြေ။ ။ ဆီထွက်သီးနှံ နှမ်းစိုက်ပျိုးမှုနဲ့ ပတ်သက်ပြီး အခြားတောင်သူတွေကို မျှဝေအကြံပြုချင်တာ ကတော့ သီးနှံအထွက်နှုန်းများ ကောင်းမွန်အောင် မိရိုးဖလာ စိုက်ပျိုးနည်းစနစ်တွေကို ပြုပြင်ပြောင်းလဲ ရပါမယ်။ မျိုးကောင်းမျိုးသန့်တွေကို ရွေးချယ်စိုက်ပျိုးဖို့ လိုပါမယ်။ စိုက်ပျိုးရေးသုံး သွင်းအားစုပစ္စည်း တွေကို သုံးစွဲရာမှာ ပြင်ပက ဓာတုဆေးဝါးတွေ ပါဝင်တဲ့ သွင်းအားစုပစ္စည်းတွေကို လျော့ချပြီး မိမိတို့ကိုယ်တိုင် သဘာဝစိုက်ပျိုးရေးသုံးပစ္စည်းတွေကို ထုတ်လုပ်သုံးစွဲနိုင်အောင် လုပ်ဆောင်ရပါမယ်။ ဒါ့ပြင် သီးနှံစိုက်ပျိုးရာမှာ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ စပ်ဆက်ဌာနတွေရဲ့ လမ်းညွှန်မှုတွေအပြင် မြို့နယ်မှာရှိတဲ့ တောင်သူဖွံ့ဖြိုးရေးအသင်းနဲ့ ချိတ်ဆက်ပြီးတော့ လိုအပ်တဲ့ စိုက်ပျိုးရေးနည်းလမ်းတွေကို အကြံ အဉာဏ် ရယူဆောင်ရွက်စေချင်ပါတယ်လို့ အကြံပြုပြောကြားလိုပါတယ်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး နွေနှမ်းစိုက်ဧက ၃၇၃၄၈ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးပြီးစီးမှု ၄၇၄၅၂ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရကာ ယခုအခါ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည် ရေဖြင့် အားထားစိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများမှာ စိုက်ပျိုးရေဖူလုံစွာရရှိမှုကြောင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)