ဘားအံခရိုင်အတွင်းရှိ အကျိုးဆောင်တောင်သူများအား မျိုးစပါး၊ ဓာတ်မြေဩဇာနှင့် စပါးမျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်

ဘားအံ ဇွန် ၄

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဘားအံခရိုင်အတွင်းရှိ အကျိုးဆောင်တောင်သူများအား မျိုးစပါး၊ ဓာတ်မြေဩဇာနှင့် စပါးမျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်သည် နှစ်စဉ် မိုးစပါးဧက(၄)သိန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာတွင် ယခုနှစ်အတွင်း ဘားအံခရိုင်အနေဖြင့် မိုးစပါးဧက (၂၄၀၀၀၀)ကျော် စိုက်ပျိုးထုတ်လုပ်မည် ဖြစ်သည့်အတွက် ဘားအံခရိုင်သည် ပြည်နယ်၏ စုစုပေါင်း စိုက်ပျိုးထုတ်လုပ်မှု (၅၀)ရာခိုင်နှုန်းကျော်ရှိသည့် အရေးကြီးခရိုင်တစ်ခုအနေဖြင့် လျာထားချက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးကြရန်နှင့် ပန်းတိုင်အထွက်နှုန်းကိုရရှိအောင် ကြိုးစားဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုကြောင်း၊ စပါးသီးနှံကို အလွယ်တကူ ကြဲပက်စိုက်ပျိုးနေခြင်းအစား ရာသီအချိန်မီ စနစ်တကျ စိုက်ပျိုးနိုင်ရန်အတွက် စပါးမျိုးစေ့ချ ကိရိယာများ အသုံးပြုစိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဘားအံခရိုင်အတွင်းရှိ အကျိုးဆောင်တောင်သူများအား မျိုးစပါး ၄၅၀ တင်း၊ ယူရီးယားဓာတ်မြေဩဇာ (၁၀၀)အိတ်နှင့် စပါးမျိုးစေ့ချကိရိယာ (၁၀၀) ခုတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အကျိုးဆောင် တောင်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အကျိုးဆောင်တောင်သူများအား ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးကြရန်၊ သီးထပ်သီးညှပ်များဖြင့် မြေလွတ်မြေလပ်မကျန် စိုက်ပျိုးလုပ်ကိုင်ကြရန် မှာကြားကာ ထောက်ပံ့ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက သီးနှံစိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာလိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် တောင်သူများလိုက်နာ ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ မျိုးစေ့ထုတ်စိုက်ခင်းအတွင်း လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မြေဆီလွှာဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်ကြဲပက်ရန်နှင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများကို တောင်သူအသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား (ဆန်၊ ဆီ၊ ကြက်ဥ) စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဝန်ထမ်းများသည်  ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် အခါအားလျှော်စွာထုတ်ပြန်သည့် အမိန့်နှင့်ညွှန်ကြားချက်များကို လေးစားလိုက်နာ၍ ပျော်ပျော်ရွှင်ရွှင်၊ အေးအေးချမ်းချမ်းဖြင့် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း (၂၂၆) ဦးအတွက် တစ်ဦးလျှင် ဆန်(၆)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဥ(၁၀)လုံးနှုန်းဖြင့် စုစုပေါင်းငွေကျပ် ရှစ်ဆယ့်ငါးသိန်းတစ်သောင်းကိုးထောင်တန်ဖိုးရှိ စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝန်ထမ်းများအား ရင်းနှီးစွာတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)