ပြည် ဇွန် ၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးနှင့် အသေးစားကုန်ထုတ်လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေးအတွက် ဖွင့်လှစ်သည့် "လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၊ ငါးရွာကျေးရွာတွင်ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးငြိမ်းမြင့်ဇော်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ငါးရွာကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာသူ၊ ကျေးရွာသားများ အသက်မွေးဝမ်းကျောင်းသင်တန်းများအား ပြီးစီးစည်အထိ တက်ရောက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား/သူများ၊ နည်းပြများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၂၀) ဦးတို့တက်ရောက်ပြီး သင်တန်းတွင် ဘက်စုံသုံး၊ အဝတ်လျှော်၊ ရေချိုး၊ ပန်းကန်ဆေး၊ လက်ဆေးဆပ်ပြာရည်အမျိုးမျိုး၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲအမျိုးမျိုးပြုလုပ်နည်းနှင့် ဆပ်ပြာခရင် (မ်) ထုတ်လုပ်နည်းတို့ကို စာတွေ့လက်တွေ့ (၅) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)