ကန့်ဘလူမြို့နယ်၌ လူငယ်လမ်းညွှန် စာစုများ (၁) စာအုပ် စာဖတ်ဝိုင်းကျင်းပ

ကန့်ဘလူ ဇွန် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စာဖတ်သူဦးရေတိုးပွားလာစေရန်နှင့် စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ကောင်းစံသာ(ရေကြည်)၏ “ လူငယ်လမ်းညွှန်စာစုများ (၁)” စာအုပ်အား စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

စာဖတ်ဝိုင်းကျင်းပရာ၌ ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် မြို့နယ်အတွင်း စာဖတ်သူဦးရေ တိုးပွားလာစေမည်ဖြစ်ပြီး တက်ရောက်လာသည့် Book Club အသင်းဝင်များနှင့်စာပေဝါသနာရှင်များအနေဖြင့် မိမိတို့လေ့လာဖတ်ရှုထားသမျှကို အပြုသဘောဆောင်၍ အကောင်းဆုံးဆွေးနွေးပေးကြစေလိုကြောင်းနှင့် မိမိတို့ပတ်ဝန်းကျင်တွင် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေး စည်းရုံး ပြောဆို ဆောင်ရွက်သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း( Book Club) မှ အဖွဲ့ဝင်သုံးဦးက ကောင်းစံသာ(ရေကြည်)၏ လူငယ်လမ်းညွှန် စာစုများ(၁) စာအုပ်မှ လူငယ်နှင့် စာဖတ်ခြင်း ” ဆောင်းပါးအား ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)