မုံရွာ ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ကျောင်းအုပ်ကြီး၊ နည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံ့အားကစားအဆင့် အတန်းတိုးတက်မြင့်မားရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းများအနေဖြင့် ဒေသအသီးသီးမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရွက်ပုန်းသီး လူငယ်အားကစားသမားများ ရှာဖွေဖော်ထုတ်ပြီး လေ့ကျင့်ဆောင်ရွက်ပေးရာတွင် လူငယ်အားကစားသမားများ ရွေးချယ်ရေး၊ အားကစားကွင်း/ရုံများတွင် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးလုပ်ငန်းများအား စနစ်တကျစီမံဆောင်ရွက်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ တိုင်းရင်းသားလူငယ်များ တက်ရောက်နေကြသည်ဖြစ်၍ တိုင်းရင်းသားအချင်းချင်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ် မွေးမြူနေထိုင်သွားကြရန် လိုအပ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ ပညာရေးတွင် ထူးချွန်ပြီး အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် လူချွန်လူကောင်းများ ပေါ်ထွက်လာနိုင်ရေးအတွက် မိမိတို့တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း လိုအပ်သည်များအား ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ ကျောင်းအုပ်ကြီးအပါအဝင် အရာထမ်း/အမှုထမ်းများအားလုံးမှလည်း စွမ်းအားရှိသမျှ ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးထံ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းအတွက် ထောက်ပံ့ငွေများ အားပေးအပ်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ကာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးထံ အလှူရှင်များက ထောက်ပံ့ငွေများအား ပေးအပ်ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖြေဖျော်မှုများအား ကြည့်ရှုအားပေးကြပြီး ကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် အားကစားသင်ထောက်ကူပစ္စည်းများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အသုံးအဆောင်ပစ္စည်းများနှင့် ကျောင်း၏လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝနှ်ရှိသူများသည် အဆိုပါကျောင်းဝန်းအတွင်းရှိ အားကစားရုံများတွင် ကျောင်းသား၊ ကျောင်းသူများ၏ ကရာတေးဒို၊ Gym၊ အလေးမနှင့် လက်ဝှေ့အားကစားနည်းများ လေ့ကျင့်နေမှုများနှင့် ကျောင်းစာကြည့်တိုက်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်း၏လေ့ကျင့်သင်ကြားရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ စားရိပ်သာဆောင်၌ ကျောင်းအုပ်ကြီးနှင့် နည်းပြဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူ ရင်းရင်းနှီးနှီး နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)