ကြံခင်း နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် ဈေးရောင်း ဈေးဝယ် ပြည်သူများ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးခြင်းသည် ကြံခင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အန္တရာယ်မှ ကင်းဝေးစေရန် ဈေးရောင်း ဈေးဝယ်ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့များက စစ်ဆေးပြီးနှာခေါင်းစည်း Mask များပေးခြင်း၊ Hand Speaker-ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် ဆောင်ရွက်ရမည့် အချက်များအား ပြည်သူများသိရှိစေရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်းနှင့် ကြံခင်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ ထမင်းဆိုင်များအား ပါဆယ်စနစ်ဖွင့်လှစ်ရောင်းချခြင်းများအား နံနက်(၆) နာရီမှနေ့လည်(၇)နာရီထိ ရောင်းချမှုများ စစ်ဆေးခဲ့ခြင်းနှင့်၊ ဆေးဝါးပစ္စည်းအရောင်းဆိုင်များအား ည(၈)နာရီအထိ ရောင်းချခွင့်ပြုထားကြောင်း မြို့နယ်စည်ပင်သာယာရေးမှသိရသည်။
အဆိုပါ စစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးမှ အင်ဂျင်နီယာမှူး ဦးလှမျိုးဇော် ဦးဆောင်သော အဖွဲ့က ဈေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီးစစ်ဆေးခဲ့ကြောင်းသိရသည်။
မိုးမိုး(ပြန်/ဆက်)