ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာကွယ်‌ဆေး အပိုဆောင်း စဉ်ဆက်မပြတ် ထိုးနှံပေး

ပုဇွန်တောင် ဇွန် ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အပိုဆောင်းထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့ရှိ စုရပ်များတွင် ထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးလာရောက်ထိုးနှံသူ ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာနန်းလှထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးရမည့်အကြိမ်အလိုက် စာရင်းမှတ်တမ်းရေးသွင်းပြီး ကိုဗစ်-၁၉ ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်ပြည်သူ (၁၆၁)ဦးအား စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်