သဲကုန်း​မြို့၌ အသက် (၂) နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

သဲကုန်း ဇွန် ၄

ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေးကျန်းမာရေးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိ ကိုယ်ဝန်​ဆောင်မိခင်များ၊ အသက် (၂) နှစ်အောက် ကလေးငယ်များအား ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ သဲကုန်းမြို့နယ် မိခင်နှင့် က​လေးကျန်းမာ​ရေးဌာနတွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊​​ဆေးတိုက်​ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

သဲကုန်းမြို့နယ် မိခင်နှင့်က​လေးကျန်းမာရေးဌာနအနေဖြင့် အသက်(၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်ပေးရာတွင် ကလေးငယ်များအား အသည်းရောင်အသားဝါ (ဘီ) ရောဂါ၊မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများ ထိုးပေးခြင်း၊ ဂျပန်ဦးနှောက်ရောင်၊ ဂျိုက်သိုး အစရှိသည့် ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်  လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် လစဥ်လဆန်းပိုင်းများမှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)