မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ရေနံချောင်းတက္ကသိုလ် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုလက်မှတ်ရသင်တန်း(အခြေခံအဆင့်)Certificate in English Proficiency Course (Foundation Level)ဖွင့်ပွဲ အခမ်းအနားတက်ရောက်

မကွေး     ဇွန်     ၄

ရေနံချောင်းတက္ကသိုလ်တွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနမှ ကြီးမှူးကျင်းပသည့် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုလက်မှတ်ရသင်တန်း(အခြေခံအဆင့်)Certificate in English Proficiency Course (Foundation Level)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရေနံချောင်းတက္ကသိုလ် ပတ္တမြားခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့်ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ/ဆရာမ များ၊ သင်တန်းစီမံဌာနများမှ အရာရှိများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးမှာ ပညာရေးကဏ္ဍမြင့်မားမှုဟာ အဓိကကျတဲ့ ကဏ္ဍတစ်ခုဖြစ်ပြီး၊ မျက်မှောက်ခေတ်ကာလဖြစ်တဲ့ ပညာခေတ်ရဲ့စိန်ခေါ်မှုကို ရင်ဆိုင်နိုင်ပြီး အစဉ်လေ့လာသင်ယူနေတဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကိုဖန်တီးပေးနိုင်သော ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းရေးကို အမျိုးသားရေး မူဝါဒတစ်ရပ်အဖြစ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာခေတ်ရဲ့ စိန်ခေါ်မှုများကို ထိရောက်စွာ ရင်ဆိုင်နိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များကို ပြုစု ပျိုးထောင်ပေးရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ လူငယ်၊ လူလတ်နှင့် စီးပွားရေးလုပ်ငန်းရှင်များကို မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာတစ်ဝှမ်းမှာ ပြောင်းလဲဖြစ်ပေါ်နေတဲ့ အခွင့်အလမ်းများကို ခေတ်နှင့်အညီရှာဖွေနိုင်ရန်၊ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်တို့အတွက် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုရှိရန် လိုအပ်ပါကြောင်း၊ ဒါ့ကြောင့် ဒီနေ့ဖွင့်လှစ်တဲ့ ကျွမ်းကျင်မှုအင်္ဂလိပ်ဘာသာစကား လက်မှတ်ရ သင်တန်းဟာ ရေနံချောင်း မြို့နယ်ဝန်းကျင်မှာရှိသော ကျောင်းသား၊ ကျောင်းသူများ၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်နေသူများနှင့် နိုင်ငံ့ဝန်ထမ်းအားလုံးအတွက်အထူး လိုအပ်တဲ့သင်တန်းတစ်ခုပဲ ဖြစ်ပါကြောင်း၊ ကမ္ဘာသုံးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်းကို တက်ရောက် ခြင်းဖြင့် ရေနံချောင်းတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် အင်္ဂလိပ်စာ အရည်အချင်းတိုးတက်လာမှာဖြစ်ပြီး၊ နိုင်ငံ့ဝန်ထမ်းများအတွက် မိမိတို့ဌာနအသီးသီးရဲ့ လုပ်ဆောင်မှုစွမ်းအား မြင့်တက်လာမှာဖြစ်ပါကြောင်း၊ တက္ကသိုလ်အနေနဲ့လည်း အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်းကို အခြေခံအဆင့်မှသည် အဆင့်မြင့်တက္ကသိုလ်သင်တန်းများအထိ စဉ်ဆက်မပြတ် တိုးချဲ့ဖွင့်လှစ်သွားရန် တိုက်တွန်းလိုပါကြောင်း၊ မြန်မာကို အာဆီယံအသိုက်အဝန်းသာမက ကမ္ဘာတစ်ဝှမ်းနဲ့ပါ ထိထိရောက် ရောက် အရေးပါတဲ့ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ခြင်းဖြင့် ရေနံချောင်းမြို့နယ်ဝန်းကျင်မှာရှိသော ပညာရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်လာမှာပဲ ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါ်ချိုချိုမြင့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ ရေနံချောင်းတက္ကသိုလ် သင်တန်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဒေါ်အေးသန္တာဝင်း၊ တွဲဖက်ပါမေက္ခ(ဌာနမှူး)အင်္ဂလိပ်စာဌာနက သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြခဲ့သည်။

သင်တန်းဖွင့်အခမ်းအနားတွင် ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ/ဆရာမများက ရွှင်လန်းချမ်းမြေ့ပါစေ တေးသီချင်းနှင့် ရတနာပုံတေးသီချင်းများ သီဆိုဖျော်ခဲ့ကြပြီး၊ ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုငွေများချီးမြှင့်ပေးအပ်ကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေနံချောင်းတက္ကသိုလ် ဘာသာရပ်သင်ကြားရေးဆိုင်ရာများ ခင်းကျင်းပြသထားရှိမှုအား အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ