ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌ ဆေးစိမ်ခြင်ထောင်များ ထောက်ပံ့ပေးအပ်

ပိုင်ကျုံ ဇွန် ၄

ပြည်သူများကျန်းမာရေးနှင့်အညီ နေထိုင်နိုင်ရေးနှင့် ခြင်အန္တရာယ်နှင့်ပတ်သက်သော ရောဂါများမှ ကာကွယ်နိုင်ရန်အတွက် ယနေ့တွင် ပိုင်ကျုံမြို့ အမှတ် (၂) ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာန၌  ဆေးစိမ်ခြင်ထောင်များ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆေးစိမ်ခြင်ထောင်များကို ကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်လျက်ရှိပြီး ပြည်သူများထံ လက်ဝယ်အရောက်ရရှိရေးအတွက် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများတို့က ပြည်သူများထံ ပေးအပ်လျက်ရှိကြောင်း၊ ခြင်ထောင်များကို အိမ်ထောင်စုများမှ လူဦးရေအနည်းအများပေါ်မူတည်ပြီး ပေးအပ်လျက်ရှိကြောင်း၊ ပိုင်ကျုံမြို့၊  အမှတ် (၂) ရပ်ကွက်တွင် ဆေးစိမ်ခြင်ထောင် (၂၀၀၀) လုံး ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုဆေးစိမ်ခြင်ထောင်များပေးအပ်ခြင်းကြောင့် မိုးရာသီ၌ ခြင်ပေါက်ဖွားမှုနှုန်းများသည့်အချိန်တွင် ဆေးစိမ်ခြင်ထောင်များရရှိသည့်အတွက် ပြည်သူများအနေဖြင့် ခြင်မှတဆင့် ကူးဆက်တတ်သောရောဂါများ ကာကွယ်နိုင်ပြီး ခြင်ထောင်များရရှိခြင်းကြောင့် ခြင်ကိုက်ခြင်းအန္တရာယ်မှ ကာကွယ်နိုင်မည့်အပြင် မိသားစုများ ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်မည်ဖြစ်ကြောင်း၊ ခြင်ထောင်ထောက်ပံ့ပေးသည့် တာဝန်ရှိသူများအားလုံး အထူးကျေးဇူးတင်ကြောင်း ပြည်သူတစ်ဦးထံမှ သိရသည်။

နော်ခူး(ပြန်/ဆက်)