ကြို့ပင်ကောက် ဇွန် ၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် သစ်တောဦးစီးဌာနတွင် ဒေသတွင်းစိမ်းလန်းစိုပြေရေးအတွက် သစ်ပင်မျိုး (၁၄) မျိုးအား ပျိုးပင်ပေါင်းလေးသောင်း ပျိုးထောင် ထားရှိကြောင်း လာမည့်ဇွန်လပထမပတ်အတွင်း မြို့နယ်အတွင်းစိုက်ပျိုးသွားနိုင်ရေး ဆောင်ရွက် ထားရှိကြောင်း သိရသည်။
ရာသီဥတုမျှတကောင်းမွန်စေရေး၊ ဒေသတွင်းစိမ်းလန်းစိုပြေရေးအတွက် သစ်ပင်များစိုက်ပျိုးရန် ရန်ကုန်ပြည်ကားလမ်း မကျီးကုန်းပျိုးဥယျာဉ်တွင် ကျွန်းပင် (၂၀၀၀၀) ၊ မန်ဂျန်ရှား(၁၄၁၀၀)၊ ပျဉ်းကတိုး (၁၀၀၀) မဟော်ဂနီ (၁၅၀၀) ယမနေ (၅၀၀) ယင်းမာ (၅၅၀) ဝါး(၈၀) ပျဉ်းမ (၅၀၀) မရမ်း (၆၀) ပေါက်ပန်းဖြူ (၄၀) ဒန့်သလွန် (၅၀) ဇီးဖြူ (၂၀) ဗန်ဒါ (၁၀၀၀) နှင့် မြန်မာ့ကုက္ကိုလ် (၆၀၀) တို့ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမြို့နယ်ဦးစီးမှူး ထံမှသိရသည်။
အဆိုပါ ပျိုးထောင်ထားရှိသော ပျိုးပင်များကို မြို့နယ်အတွင်းရှိဒေသခံများ၊ ဌာနဆိုင်ရာရုံးများတွင် စိုက်ပျိုးသွားနိုင်ရေး အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး သစ်ပင်စိုက်ပွဲတော်များကျင်းပပြုလုပ်၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)