အိမ်မဲ ဇွန် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးများခတ်ပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီတွင် လယ်ပေါ်ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းလုပ်ငန်းများကိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ စုစုပေါင်း အင်အား (၂၀၀)ဦးခန့်ဖြင့် အဖွဲ့ (၁၀)ဖွဲ့ခွဲကာ လယ်ပေါ်ရပ်ကွက်အတွင်း၌လည်းကောင်း၊ မြို့နယ်အတွင်းရှိကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ၌လည်းကောင်း ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်း၊ ဖုံး သွန်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ကြသည်။
“ခြင်ကြားလောက်လန်းပေါက်ပွားရာနေရာများကတော့ အဓိက ရေသိုလှောင်ပစ္စည်းများဖြစ်တဲ့ ရေစည်၊ ရေအိုး၊ ရေကန်များ၊ ဘုရားပန်းအိုး၊ နတ်ပန်အိုး၊ အလှပန်းအိုးများ၊ ရေတင်ကျန်နိုင်တဲ့ ဘူးခွံ၊ ခွက်ခွံ၊ တာယာဟောင်းများ၊ သဘာဝအလျောက် မိုးရေတင်ကျန်လေ့ရှိတဲ့ သစ်ပင်အခေါင်း၊ အုန်းလက်၊ ငှက်ပျောလက်များ၊ ခုတ်ပြီးအငုတ်ကျန်ခဲ့တဲ့ ဝါးဆစ်တွေမှ ပေါက်ပွားပါတယ်။ အခုကတော့ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းနဲ့ အဘိတ်ဆေးများလိုက်လံခတ်ပေးတာဖြစ်ပါတယ်”ဟု မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင်ပြောကြားချက်အရ သိရသည်။
ချစ်သက်လယ်(အိမ်မဲ၊ ပြန်/ဆက်)