အင်းတော် ဇွန် ၃
တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ နည်းပညာပေးသင်တန်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက် နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
တောင်သူများ အနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြစ်သည့် GAP, SRI , Drum Seeder အစရှိသည့် စိုက်ပျိုးနည်းစနစ်များနှင့်ပတ်သက်၍ သိရှိထားရန် လိုအပ်ပါကြောင်း၊ အဆိုပါစိုက်နည်းစနစ်များကို စနစ်တကျ သိရှိစိုက်ပျိုးနိုင်ရေးအတွက် မိမိတို့ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ တောင်သူများနှင့် ကွင်းဆင်း၍ စနစ်တကျစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများ ဘဝဖွံ့ဖြိုးတိုးတက်မှ စိုက်ပျိုးရေးကို အခြေခံထားသော မိမိတို့နိုင်ငံအနေဖြင့် တိုးတက်ဖွံ့ဖြိုးလာမှာဖြစ်ပါကြောင်း၊ ထို့အတွက် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မိမိတို့ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း အင်းတော်မြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းခိုင်က ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော တောင်သူများအား ဆင်းဧကရီ-၃ (RS) မျိုးသန့် မျိုးစေ့များ၊ Gypsum သဘာဝ ကျောက်မှုန့်မြေဩဇာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်သီဟ