သာယာဝတီ ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းဟိုက အဖွင့်အမှာစကားပြောကြားရာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးလာခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းသည် လုပ်ငန်းဆောင်ရွက်လိုသူများအတွက် နည်းပညာပံ့ပိုးပေးနိုင်ရန်နှင့် မြို့နယ်အတွင်း ထုတ်ကုန်အမယ်သစ်များပေါ်ပေါက်လာပြီး သွင်းကုန်အစားထိုးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်ရည်ရွယ်ကာ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်စန္ဒာမိုးက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြည်သူ့အကျိုးပြုသင်တန်းအစီအစဉ်များ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုးဖြိုးအောင်က သာယာဝတီမြို့နယ်အတွင်း သင်တန်းဖွင့်လှစ်ပေးခဲ့မှုအခြေအနေများ၊ ဌာနမှလိုက်လံဖွင့်လှစ်ပေးနေသည့် လူသုံးကုန်နည်းပညာသင်တန်းများ၊ သက်မွေးသင်တန်းများ၊ အသေးစားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးဆောင်ရွက်ပေးနေမှုအခြေအနေများတို့ကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် အခမ်းအနားကိုတက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ သင်တန်းသားသင်တန်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါသင်တန်းတွင် ဆပ်ပြာအဆီအမျိုးမျိုး၊ လက်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ခေါင်းလျှော်ဆပ်ပြာရည်၊ ဆပ်ပြာခရင်(မ်)ပြုလုပ်နည်း၊ ဘက်စုံသုံးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ ပယင်းဆပ်ပြာခဲ၊ နနွင်းဆပ်ပြာခဲနှင့် လက်သန့်ဆေးရည် အမျိုးမျိုးထုတ်လုပ်နည်းများကို ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဇွန်လ ၃ ရက်မှ ၄ ရက်နေ့အထိ စာတွေ့လက်တွေ့(၂)ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသားစုစုပေါင်း (၂၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)