ထားဝယ် ဇွန် ၃
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး တိုင်းဒေသကြီး၀န်ကြီးချုပ်အား စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အလေးပြုပြီးတန်းအပ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မြို့နယ်ပေါင်းစုံအမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲသည် နေပြည်တော်၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၇)ရက်နေ့တွင် ကျင်းပမည့် ဖူဆယ်ဘော်လီဘောပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်နိုင်ရန် တိုင်းလက်ရွေးစင်ရွေးချယ်နိုင်ရေးအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိရေး၊ မျိုးဆက်သစ်ဖူဆယ်ဘောလုံးသမားများ ထွက်ပေါ်လာရေးနှင့် ဖူဆယ်ဘောလုံးအားကစားအဆင့် အတန်းတိုးတက်မြင့်မားလာရေးအတွက်ရည်ရွယ်၍ ကျင်းပသည့် ပြိုင်ပွဲတစ်ခုလည်းဖြစ်ကြောင်း၊ ဖူဆယ်ဘောလုံးအားကစားနည်းသည်နေရာကျဉ်းကျဉ်းဖြင့် ကစား၍ရသော အားကစားနည်းတစ်ခုဖြစ်သလို နေရာအနှံ့အပြား ကျေးလက်ဒေသပါမကျန် လူငယ်များ အများအပြား ယှဉ်ပြိုင်ကစားကြသည့် အားကစားနည်းတစ်ခုဖြစ်ကြောင်း၊ ဖူဆယ်ဘောလုံးအားကစားသမားများ အနေဖြင့် အနိုင်/အရှုံးတစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်မှုမျိုးမဟုတ်ဘဲ မိမိမြို့နယ်၏ဂုဏ်၊ တိုင်းဒေသကြီး၏ ဂုဏ်၊ နိုင်ငံတော်၏ ဂုဏ်ကိုဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သော အားကစားသမားကောင်းများပေါ်ထွက်ရေးနှင့် သတ္တိရှိမှု၊ သီးခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွှတ်မှု၊ ယဉ်ကျေးမှု၊ စည်းကမ်းကိုရိုသေလိုက်နာတတ်မှုစသည့် အခြေခံကောင်းများကို အစွမ်းကုန်ဖော်ထုတ်ပြသရင်း အနိုင်ရရှိရေးအတွက် ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုအပ်ကြောင်း၊ ယခုပြိုင်ပွဲကနေ အရည်အချင်းရှိသော ဖူဆယ်ဘောလုံးအားကစားသမားများကို စိစစ်ရွေးချယ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲကို စေလွှတ်ယှဉ်ပြိုင်သွားမှာဖြစ်သောကြောင့် ဖူဆယ်ဘောလုံးအားကစားသမားများအနေဖြင့် တိုင်းဒေသကြီးလက်ရွေးစင်အဖြစ် ရွေးချယ်ခံရအောင် ကိုယ်စီကျွမ်းကျင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် အနိုင်မခံအရှုံးမပေးသော အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် ကြိုးစားယှဉ်ပြိုင်ကစားကြရန်လိုအပ်ကြောင်း၊ အားကစားသမားများအနေဖြင့် အရည်အချင်းပြည့်ဝသော မြို့နယ်ဂုဏ်ဆောင်၊ တိုင်းဒေသကြီးဂုဏ်ဆောင်၊ အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထိုနောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ အမျိုးသမီးသရက်ချောင်းမြို့နယ်အသင်းနှင့် မြိတ်မြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးရာ သရက်ချောင်းမြို့နယ်အသင်းက (၆)ဂိုး(၂)ဂိုးဖြင့် အနိုင်ရရှိသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အမျိုးသား(၈)သင်း၊ အမျိုးသမီး(၅)သင်းဖြင့် ဇွန် ၇ ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)