ဂန့်ဂေါ ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ အခြေခံပညာ ကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပညာသင်ကြားနေမှု အခြေအနေများကို မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု၍ ကျောင်းအုပ်ဆရာကြီးများ၊ ဆရာ/ ဆရာမများနှင့် တွေ့ဆုံပြီး ကျောင်းသား/ ကျောင်းသူများ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေး၊ ကျန်းမာရေးအတွက် သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ စာသင်ခန်းအတန်းခွဲများ ထားရှိမှုအခြေအနေများနှင့် ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားနေမှုများကို ကြည့်ရှု့အားပေး၍ လိုအပ်သည်များကို သက်ဆိုင်ရာကျောင်းအုပ် ဆရာ/ ဆရာမကြီးများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဂန့်ဂေါမြို့နယ်တွင် စတင်ဖွင့်လှစ်သင်ကြားနေသည့် အခြေခံပညာကျောင်းများမှာ အ.ထ.က ကျောင်း(၆)ကျောင်း၊ အ.ထ.က(ခွဲ)(၃)ကျောင်း၊ အ.လ.ကကျောင်း(၄)ကျောင်း၊ အ.လ.က(ခွဲ) (၃)ကျောင်း၊ အ.မ.ကကျောင်း(၄)ကျောင်းနှင့် အ.မ.က(ခွဲ)(၁)ကျောင်းသည့် စုစုပေါင်း အခြေခံပညာကျောင်း(၂၁)ကျောင်း ဖွင့်လှစ်သင်ကြားနေပြီး ယနေ့အထိ ကျောင်းသား/ ကျောင်းသူပေါင်း(၆၀၆၀)ဦး အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
မောင်မျိုးမင်း (ပြန်ဆက်)