ပလောက် ဇွန် ၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စတင်တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ပလောက်မြို့တွင် အခြေခံပညာအထက်ကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁)ကျောင်း၊ မူလွန်ကျောင်း(၁)ကျောင်း၊ အ.မ.က(၁) ကျောင်းနှင့် အ.မ.က (ခွဲ) (၁) ကျောင်း၊ စုစုပေါင်းကျောင်း (၅) ကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ KG တန်းမှ Grade-12 ကျောင်းသား၊ ကျောင်းသူများအား အခြေခံပညာကျောင်းအသီးသီးတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းနှင့် ယခုပညာသင်နှစ်တွင် KG မှ Grade-5 အထိ မူလတန်းကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံ(၁)စုံ၊ ဗလာစာအုပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ Geade-6 မှ Grade-12 အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများကို ဗလာစာအုပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်တို့ကို အခမဲ့ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နှင်းမြူလွင်