မင်းဘူး ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ်စိုက်ပျိုးရာသီဒေသတွင်း စားသုံဆီဖူလုံစေရေးနှင့် ဆီထွက်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မိုးဆီထွက်သီးနှံကို ဧကပေါင်း ၅၄၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထို့သို့ စိုက်ပျိုးရာတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက မိုးဦးသီးနှံများအဖြစ် နှမ်းနှင့် မြေပဲသီးနှံစိုက်ခင်းများအတွင်း ပဲစဉ်းငုံသီးနှံကို သီးညှပ်စိုက်ပုံစံ အလှည့်ကျစနစ်ဖြင့် အများဆုံးစိုက်ပျိုးလေ့ရှိပြီး မိုးစပါး၊ မိုးချည်မျှင်ရှည်ဝါ၊ နေကြာ၊ ပဲတီစိမ်းနှင့် အခြားသီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း၊ ယခုနှစ် စိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံဆီဖူလုံစေရေးနှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး အထူးဇုန်လုပ်ငန်းကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ မေလ နောက်ဆုံးအပါတ်မှ စတင်ပြီး မုန်တိုင်းအရှိန်ကြောင့် ရွာသွန်းခဲ့သောမိုးဖြင့် မိုးဦးသီးနှံများကို မိုးကောင်းသောက်လယ်ယာမြေများ၌ တစ်နယ်လုံး စတင်ထွန်ယက်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းက ပြောသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် မိုးဆီထွက်သီးနှံအဖြစ် မိုးနှမ်းကို ဧက ၄၀၀၀၀၊ မိုးမြေပဲကို ၁၁၆၆၉ ဧကနှင့် မိုးနေကြာကို ဧက ၃၀၀၀ စုစုပေါင်း ၅၄၆၆၉ ဧက စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်