ချောင်းသာမြို့၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ချောင်းသာ ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့ နံနက် ၉ နာရီက စတင်ပြီး အခြေခံကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

"ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄ ခုနှစ် မေလ (၂၃) ရက်နေ့မှ စတင်ပြီး ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကာ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်က သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးကြောင်းသိရပြီး အဆိုပါကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အစဉ်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ဆရာ၊ ဆရာမများနှင့် ရပ်/ ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းကော်မတီအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

ချောင်းသာမြို့တွင် ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စု (၁) အုပ်စုရှိပြီး အခြေခံပညာအထက်တန်း ကျောင်း(၁)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၃)ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲ(၁)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၄)ကျောင်း၊ အခြေခံပညာမူလတန်းလွန် ကျောင်း(၁)ကျောင်းရှိပြီး အဆိုပါကျောင်းများရှိ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စတင်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကျော်ကျော် (ပြန်/ဆက်)