အိမ်မဲ ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP), (AVIP) ရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) အချိန်တွင် အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားများကို လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း အကျယ်တဝင့် အသီးသီးပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီဌာနမှ ဝန်ထမ်းများက သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ပြီး သင်တန်းတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် အတည်ပြုရွေးချယ်ထားသည့် ကျေးရွာ (၈) ရွာမှ သင်တန်းသား/သူ (၁၆)ဦးကို ဇွန်လ (၃) ရက်နေ့မှ (၇)ရက်နေ့အထိ (၅)ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP), (AVIP)သင်တန်းသည် ကျေးရွာများ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို (၅) နှစ်တာ စီမံချက်ရေးဆွဲရခြင်းဖြစ်ပြီး ထိုကဲ့သို့ ရေးဆွဲထားခြင်းကြောင့် မိမိတို့ကျေးရွာသို့ တာဝန်ရှိသူများ ရောက်ရှိလာသောအခါ ကျေးရွာ၏အမှန်တကယ် လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအား တင်ပြနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)