အခြေခံကျောင်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေအား နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး

လဟယ် ဇွန် ၃

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အခြေခံကျောင်းများ ကိုဇွန်လ(၃)ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ခဲ့ရာ နာဂဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့၀င်များ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်၀င်းနှင့် အဖွဲ့၀င်များလိုက်ပါ၍ ယနေ့နံနက်(၉)နာရီခွဲ အချိန်က လဟယ်မြို့အထက်တန်းကျောင်းသို့ သွားရောက် ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါနာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်းနှင့် အဖွဲ့၀င်များသည် လဟယ်မြို့ အခြေခံကျောင်း၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း စာသင်‌ခန်းများကို သွားရောက်ပြီး ကျောင်းသုံးပုံနှိပ်စာ အုပ်များ၊ ဗလာစာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ ဖြန့်ဝေမှုအခြေအနေ၊ ‌စာရေးခုံများ၊ စာသင်ဘုတ်လိုအပ်မှုကို ကြည့်ရှု့စစ်ဆေးပြီး အမြန်ဖြည့်ဆည်းဆောင်ရွက်သွားရန် တာ၀န်ရှိသူများအား မှာကြားခဲ့ကြောင်းသိရပါသည်။

လဟယ်မြို့နယ်အတွင်း(၂၀၂၄-၂၀၂၅)ပညာ သင်နှစ်မေလ(၂၃)မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံမှုစာရင်းစာရင်းအရ (၁၀,၀၁၁)ဦး ရှိပြီးကျောင်းအပ်နှံမှု ရာနှုန်းမှာ(၈၂)ရာနှုန်း ဖြစ်ကြောင်းသိရသည်။ နာဂဒေသချုပ်အနေဖြင့် ဇွန်လ(၁)ရက်နေ့စာရင်းအရ လေရှီးမြို့နယ်တွင် (၄,၈၈၆)ဦး (၈၆)ရာနှုန်း၊ နန်းယွန်းမြို့နယ်တွင် (၁၂၆၇၃)ဦး(၈၁)ရာနှုန်းဖြစ်ပြီး နာဂဒေသအချုပ်မှာ ဇွန်လ(၁)ရက်နေ့အထိ (၂၇၅၇၀)ဦး ကျောင်းအပ်နှံမှု ရာနှုန်း(၈၂) ရာနှုန်းဖြစ်ကြောင်း သိရသည်။

 

လဟယ်(ပြန်/ဆက်)