နတ်မောက်မြို့၌ နို့တိုက်မိခင်များအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက် ဇွန် ၃     

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ နို့တိုက်မိခင်များအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။         

အဆိုပါဟောပြောပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လတ်လတ်ဆွေက နို့တိုက်မိခင်များအား အာဟာရပြည့်ဝစေရန်အတွက် သန့်ရှင်းလတ်ဆတ်သော အစားအစာများ စားသုံးကြရန်နှင့် မိခင်များအနေဖြင့် မိမိရင်သွေးငယ်များ ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်ဖွံ့ဖြိုးစေရန်အတွက် ကျန်းမာရေးဆရာ/မများ သတ်မှတ်ထားသည့်အတိုင်း လိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ဆရာမဒေါ်ခင်စန်းတင့်က ကလေးငယ်များကို (၆)လကြာ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးကြရန်၊ သတ်မှတ်ပေးထားသည့်အတိုင်း အစာအဟာရအုပ်စုများကို ညီမျှပြည့်ဝစွာ အသုံးပြုကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ တက်ရောက်လာကြသည့် နို့တိုက်မိခင်များအား ကလေးငယ်များအတွက် အာဟာရအားဆေးဘူးနှင့် ကလေးကစားစရာအရုပ်ကလေးများကို တစ်ဦးချင်းစီအလိုက် ပေးအပ်ခဲ့ကြောင်းသိရသည်။

လှဝင်း(ပြန်/ဆက်)