မုံရွာမြို့နယ်တွင် ယခုနှစ် နွေနှမ်းစိုက်ပျိုးရာသီ၌ နွေနှမ်း (၄၁၅) ဧက စိုက်ပျိုးပြီးစီးပြီး အောင်မြင်ဖြစ်ထွန်း

မုံရွာ ဇွန် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ယခုနှစ် နွေနှမ်းစိုက်ပျိုးရာသီ၌ နွေနှမ်း (၄၁၅) ဧက စိုက်ပျိုးပြီးစီးကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မုံရွာမြို့နယ်တွင် ယခုနှစ် နွေနှမ်းစိုက်ပျိုးခြင်းကို ဖေဖော်ဝါရီလ တတိယပတ်က  နွေနှမ်းလျာထားစိုက်ဧက (၄၈၀) အနက် စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ နွေနှမ်း (၄၁၅) ဧက စိုက်ပျိုးပြီးစီးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ထိုသို့ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများက စနစ်တကျပူးပေါင်း ဆောင်ရွက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းပြီး နှမ်းအထွက်နှုန်း ကောင်းစေဖို့ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံတောင်သူတွေအနေနှင့်  နွေနှမ်းကို အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနက သွင်းအားစုတွေကို ပံ့ပိုးပေးထားကြောင်း၊ စိုက်ပျိုးရေရရှိရေးနှင့် စနစ်တကျသုံးစွဲကြရန် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ နွေနှမ်းကို တစ်ဧက တင်း ၂၀  ထိ ထွက်ရှိနိုင်စေရန် ဆောင်ရွက်စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးသက်‌အောင် ကပြောသည်။

မုံရွာမြို့နယ်တွင် ဒေသရာသီဥတုနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများကို အဓိကစိုက်ပျိုးခဲ့ကြောင်းနှင့် ယခုနှစ် နွေနှမ်း အထွက်ကောင်းစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်း၍ တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)