ကန့်ဘလူမြို့နယ်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးဆက်လက်ထိုးနှံ

ကန့်ဘလူ ဇွန် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အသက် ၂ နှစ်အောက် ကလေးငယ် ၂၁၄ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၂၀ ဦးတို့ကို ထိုးနှံပေးပြီးကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးခြင်းများကို ကန့်ဘလူမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေး ဝန်ထမ်းများက ကလေးများ၏ အသက်အရွယ်အလိုက် ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ)၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့၊ ကြက်ညှာ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယို (ထိုးဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဂက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးများ ထိုးနှံပေးပြီး ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးတို့ကို စနစ်တကျထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို လစဥ်လဆန်းရက်များတွင် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)