လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာမှုကြောင့် မိုးစိုက်သီးနှံများစိုက်ပျိုးကြပြီး သီးနှံစိုက်ခင်းများ အပင်ပေါက်အားကောင်း

နတ်မောက် ဇွန် ၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မေလ (၁၉)ရက်နေ့ ညနေ (၅)နာရီမှ (၆)နာရီကျော်အထိ မိုးရွာခဲ့ကာ မိုးစိုက်သီးနှံထွန်ယက်စိုက်ပျိုးရန် အစိုဓာတ်လုံလုံလောက်လောက်ရရှိခြင်းကြောင့် သီးနှံများစိုက်ပျိုးကြကြောင်း သိရသည်။

မိုးရွာသွန်းမှုအားကောင်းခြင်းကြောင့် မြို့နယ်အတွင်းရှိ တောင်သူများသည် မေလ(၂၀)ရက်မှ မေလ(၂၅)ရက်အထိ မိုးစိုက်သီးနှံများဖြစ်သည့် နှမ်းလျင်၊ ပင်ထောင်မြေပဲများစိုက်ပျိုးခဲ့ကြပြီး ပဲစင်းငုံသီးနှံကို သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးခဲ့ကြသည်။ မေလ(၂၆)မှ မေလ(၂၈)ရက်နေ့အထိ မုန်တိုင်းဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါမုန်တိုင်းမိုးသည် ပြင်းပြင်းထန်ထန်ရွာသွန်းခြင်းမရှိဘဲ ပုံမှန်သာရွာသွန်းသဖြင့် စိုက်ပြီးသီးနှံစိုက်ခင်းများ မြေကြပ်ခြင်း၊ ပျက်စီးခြင်းမရှိခဲ့ကြောင်း၊ မေလ(၂၀)ရက်နေ့မှ စတင်စိုက်ပျိုးခဲ့သည့် မိုးနှမ်းလျင်၊ ပင်ထောင်မြေပဲစိုက်ခင်းများမှာ အပင်ပေါက်အားကောင်းကြပြီး ၎င်းစိုက်ခင်းများကို ယခုရက်ပိုင်းအတွင်း ဂျောင်းလိုက်ခြင်း၊ သီးနှံစိုက်ခင်းထယ်ရေးခွဲပေးခြင်းများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ကြူအိုင်ရွာ တောင်သူကိုသာဂိက ပြောသည်။ နတ်မောက်မြို့နယ်တွင် ၂၀၂၄(မိုး) စိုက်သီးနှံများအဖြစ်နှမ်းလျင် (၈၀၂၅၅)ဧက၊ ပင်ထောင်မြေပဲ (၂၅၆၉၅) ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံက သိရသည်။

မူမူစန်း