ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း စတင်ဖွင့်လှစ်

ဒေးဒရဲ ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်း (၂၂၁) ကျောင်းအား ယနေ့နံနက်ပိုင်းက စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ကလေးသူငယ် လူငယ်လူရွယ်အားလုံးကျောင်းနေနိုင်ရေးနှင့် အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် မိဘပြည်သူများ ပူးပေါင်း၍ လုံခြုံရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာသင်ယူနိုင်ရေးအတွက် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၂၁)ကျောင်းတွင် ၂၀၂၄ခုနှစ် မေလ (၂၃) ရက်နေ့မှ ဇွန်လ(၂) ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ်ခဲ့ရာ ယမန်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၂၄၉၇၉) ဦး အပ်နှံပြီးစီးခဲ့ပြီး ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်က သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း ပညာရေးဌာနက သိရသည်။

အေဇာလင်း