ရွှေတောင်မြို့နယ်၌ မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရွှေတောင် ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယနေ့ နံနက် ၉ နာရီအချိန်က မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို ရွှေတောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမများက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကလေးငယ်များအား ပေါင်ချိန် ပေးခြင်း၊ ဝက်သက်-ဂျိုက်သိုးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း၊ ဘီစီဂျီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (pcv) ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ပိုလီယိုအစက်ချ ကာကွယ်ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ (ဘီ) ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းကို မြို့ပေါ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် လစဉ်ပုံမှန်ထိုးနှံ‌ပေးလျက်ရှိပြီး ကျန်ရက်များတွင် ရပ်ကွက်နှင့်‌ကျေးရွာများရှိ ကျန်းမာရေးဌာနခွဲများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)