ပွင့်ဖြူ ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းကစတင်ပြီး အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်၍ ပညာသင်ကြားပေးနေပြီဖြစ်ကြောင်းနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန်အတွက် မေ(၂၃)ရက်နေ့မှ ဇွန်(၂)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မြို့နယ်အတွင်းရှိ (ထက်၊ လယ်၊ မူ) အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးခဲ့ရာ တစ်မြို့နယ်လုံး ကျောင်းအပ်လက်ခံခဲ့သည့် ကျောင်းသားဦးရေ စုစုပေါင်း ၂၉၃၂၇ ဦးရှိ၍ ကျောင်းအပ်နှံမှုရာခိုင်နှုန်းမှာ ၉၀ ဒသ ၀၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများကို ပညာသင်ကြားပို့ချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပွင့်ဖြူမြို့နယ် ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အခြေခံပညာကျောင်းများသို့ သွားရောက်ကွင်းဆင်းကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကျောင်းလုံခြုံရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)