ကျွန်းလှ ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာစာသင်ကျောင်းများ ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်ကြောင်း သိရသည်။
“၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်လက်ခံခဲ့ပါတယ်။ ဒီနှစ်ပညာသင်နှစ်မှာ ကျောင်းသား၊ ကျောင်းသူ (၆၅၇၇) ဦး လျာထားပြီး ဇွန်လ ၂ ရက်နေ့ထိ မူလတန်း (၃၄၂၉) ဦး၊ အလယ်တန်း (၁၁၉၇) ဦး၊ အထက်တန်း (၅၆၀) ဦး စုစုပေါင်း (၅၁၈၆) ဦး၊ (၇၈ ဒသမ ၈၅) ရာခိုင်နှုန်း ကျောင်းအပ်နှံပြီးဖြစ်ပါတယ်” ဟု ကျွန်းလှမြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က ပြောသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့လမ်းညွှန်မှုဖြင့် ပညာရေးဌာန၊ လုံခြုံရေးတပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း ကြီးကြပ်ဆောင်ရွက်ကြကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း (၂၀) နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်း၊ စုစုပေါင်း (၂၂) ကျောင်း ဖွင့်လှစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးဝင်းညို