ဘားအံ ဇွန် ၃
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လူငယ်များမူးယစ်ကင်းစင်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး ကျန်းမာသန်စွမ်းသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးမှ ကြီးမှူးကျင်းပပေးသော ပြည့်မဏ္ဍိုင်ဖလား အသက်(၁၈)နှစ်အောက် အမှတ်ပေးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် အမှတ်အများဆုံးနှစ်သင်းဖြစ်သော သီရိရတနာဖူဆယ်အသင်းနှင့် ORLANDO FC အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ပြိုင်ပွဲကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဖူဆယ်အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ORLANDO FC အသင်းက ၉ ဂိုး ၇ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက အနိုင်ရဗိုလ်စွဲသွားသော ORLANDO FC အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကိုလည်းကောင်း၊ ဒုတိယဆုရရှိသော သီရိရတနာအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲကြီးကြပ်ရေးအဖွဲ့ဝင်များက ပူးတွဲတတိယဆုရအသင်းများ၊ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများ၊ ဂိုးသွင်းအများဆုံးဆုနှင့် ပွဲစဉ်တစ်လျောက်အကောင်းဆုံးအားကစားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ ဆုချီးမြှင့်ပွဲအပြီးတွင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက အားကစားဖိနပ်များကို ကံစမ်းမဲဖွင့်ဖောက်ပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို ဘားအံမြို့ပေါ်ရှိ ဖူဆယ်ဘောလုံးအသင်း(၆)မှ အားကစားသမား(၆၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဧပြီလ ၂၇ ရက်နေ့မှစ၍ အုပ်စုပတ်လည်အမှတ်ပေးစနစ်ဖြင့် တစ်လကျော်ကြာ ယှဉ်ပြိုင်ကစားစေခဲ့ကာ ယနေ့ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)