ပေါင်းတည် ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နွေစပါးများရိတ်သိမ်းပြီးနောက် မိုးသီးနှံစပါးဆက်လက်စိုက်ပျိုးနိုင်ရန် ပေါင်းတည်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးရေးစရိတ်များ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအချိန်တွင် ယခင်သီးနှံစိုက်ပျိုးရေးစရိတ်ချေးငွေများမှ ကြွေးကျန်ရှိတောင်သူများက အကြေအပြေ ပြန်လည်ပေးဆပ်နေကြဆဲဖြစ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အပါအဝင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံတော်မှနွေစပါးစိုက်ပျိုးရေးစရိတ် ချေးငွေအကူအညီများပေးခဲ့ကြကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစိမ်းရောင်စီမံကိန်းဖြင့်လည်း တောင်သူများအား စိုက်ပျိုးရေးစရိတ်ချေးငွေပေးအပ်ကူညီခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ မိုးသီးနှံစပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ယခုဇွန်လအတွင်း ပေးအပ်ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)