ဟင်္သာတမြို့အတွင်း ပတ္တမြားကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဘိဓဇမဟာရဠ ဂုရု၊ နိုင်ငံတော်ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တအရိယဝံသ၏ အန္တိမအဂ္ဂဈာပန သာဓုကီဠနသဘင် အခမ်းအနားပြုလုပ်

ဟင်္သာတ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့အတွင်း ပတ္တမြားပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဘိဓဇမဟာရဠဂုရု၊ နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တအရိယဝံသ၏ အန္တိမအဂ္ဂဈာပနသာဓုကီဠနသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းတိုက် ယာယီမဏ္ဏပ်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးခင်မောင်ကြည်၊ ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးဦးသူရိန်နှင့်  ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ်ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်ဆန်းထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်သာသနာရေးမှူးဦးသိန်းဇော်နှင့်တာဝန်ရှိသူများ၊ ဗဟိုအဆင့်၊ တိုင်းအဆင့်၊ ခရိုင်မြို့နယ်အဆင့် ဆရာတော်/သံဃာတော်များနှင့် သီလရှင်ဆရာကြီး ဆရာလေးများ၊ တပြည့်ဒါယိကာ/ဒါယိကာမများနှင့် ဧည့်သည်တော်များ စုစုပေါင်းအင်အား(၂၀၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ကြွရောက်လာကြသူများက “အနိစ္စာဝတသင်္ခါရ”အစရှိသော (၃)ဂါထာရွတ်ဆိုပူဇော်၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဟင်္သာတမြို့၊ တာကလေးရပ်ကွက်၊ နတ်မော်လမ်းရှိ မိုးကောင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဠဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမဇောတိက ဘဒ္ဒန္တသုဓမ္မာစာရ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းအတွင်း ပတ္တမြားပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဘိဓဇမဟာရဠဂုရု၊ နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တအရိယဝံသ၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်တော်အား တာဝန်ရှိသူများက စိန်ကတ္တီပါလွှမ်း၍ ပူဇော်ခြင်း၊  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှပေးပို့သည့် သံဝေဂဉာဏ်ပွားတော်မူကြောင်း သဝဏ်လွှာအား ဟင်္သာတမြို့နယ်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တစန္ဒသီရိဘိဝံသမှ ဖတ်ကြားလျောက်ထားခြင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပေးပို့ဆက်ကပ်သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီး၊ သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဇော်ဝင်းမှ ဖတ်ကြားလျှောက်ထားခြင်း၊ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအား ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်ရှိ မင်္ဂလာဇေယျုံကျောင်းတိုက်၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တကောသလ္လမှ ဖတ်ကြားပူဇော်ခြင်း၊ အင်္ဂပူမြို့နယ်၊ မန်ကျည်းပင်ကျေးရွာရှိ မန်ကျည်းပင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုသလမှ ဂုဏထောမနာဂါထာဖြင့် ရွတ်ပွားပူဇော်ခြင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ရှိ ညောင်ပင်ချိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘိတမှ ပစ္ဆိမဝန္ဒဂါထာဖြင့် ရွတ်ပွားပူဇော်ခြင်း၊ မင်္ဂလာဇေယျုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဒေါက်တာသီရိန္ဒမှ သံဝေဂဂါထာတော်အား ရွတ်ပွားပူဇော်ခြင်း၊ လူမှုရေးရာဝန်ကြီးဦးခင်မောင်ကြည်နှင့် ညွှန်ကြားရေးမှူးဦးဇော်ဝင်းတို့မှဦးဆောင်၍ ပင့်သံဃာဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အတွင်းပတ္တမြားကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဝိလာသမှ အစ္စဒေသနာကန့်တော်ပန်းလွှာအားတိုင်ပေး၍ တပြည့်ဒါယိကာ/ဒါယိကာမများမှ လိုက်ပါရွတ်ဆို၍ တောင်းပန်မှုပြုခြင်း၊ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား နောက်ဆုံးပူဇော်ရန် တပြည့်များပင့်ဆောင်ရာသို့ လိုက်ပါကြွချီတော်မူရန် ဟင်္သာတခရိုင်သာသနာရေးဦးစီးဌာန၊ ဦးစီးမှူးဦးသိန်းဇော်မှ တောင်းပန်လျှောက်ထားလွှာဂါထာဖြင့် ပင့်လျှောက်ခြင်း၊ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား မော်တော်ယာဉ်များဖြင့်ပင့်ဆောင်၍ ဒေသခံပြည်သူများဖူးမြော်နိုင်ရန် ဟင်္သာတမြို့အတွင်းရှိ  လှည့်လည်အပူဇော်ခံခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်ကြီး၏ကြွင်းကျန်ရစ်သော ရုပ်ကလပ်တော်အား အန္တိမအဂ္ဂိဈာပနသဘင်ကျင်းပပြုလုပ်မည့် လောင်တိုက်ဆောက်လုပ်ထားသော ဟင်္သာတမြို့၊ လက်သမားရပ်ကွက်၊ အခွန်လွတ်ဈေးအနီးသို့ ပြန်လည်ပင့်ဆောင်ခဲ့ပြီးစတင်၍ မီးသင်္ဂြိုလ်ခဲ့ရာ ဆရာတော်ကြီး၏ကြွင်းကျန်သော အရိုးဓာတ်တော်များအား ယနေ့ ၈ နာရီတွင်  ဧရာဝတီမြစ်အတွင်းသို့ သရီရဓာတူဒက(ရေမျှော)ပူဇာအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)