မြိတ် ဇွန် ၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးကျင်းပသည့် (၂၁)ကြိမ်မြောက်ပရိယတ္တိသာသနပါလစာမေးပွဲ အောင်လက်မှတ်နှင့် အောင်ဆုဆက်ကပ်ချီးမြှင့်သည့် ဆုနှင်းသဘင်ကို ယမန်နေ့၊ နေ့လယ်ပိုင်းက ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။
ဆုနှင်းသဘင်ကို ဆရာတာ်သံဃာတော်များ၊ သီလရှင်များ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွက်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တလာသန လှည်းဘီးပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကောဏ္ဍည ကန်သာပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှဩဝါဒကထာနာယူခဲ့ကြပြီး ပရိယတ္တိသာသနာပါလစာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များအား ထုတိသြဘာမင်္ဂလာကဗျာဖြင့် သိမ်တော်ကြီးဥပါသိကာအဖွဲ့မှရွတ်ဆိုပူဇော်ခဲ့ကြသည်။
ဆက်လက်၍ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ယာယီဥက္ကဋ္ဌဦးကြည်လင်မှ ပရိယတ္တိသာသနာပါလစာမေးပွဲ ကျင်းပရေးနှင့်ပတ်သက်၍လျှောက်ထားပြီး ပရိယတ္တိသာသနာ့ပါလစာမေးပွဲအောင်မြင်တော်မူကြသည့် သံဃာတော်၊ သာမဏေ၊ သီလရှင်များအား ဘဏ္ဍာတော်ထိန်ဂေါပကအဖွဲ့မှ စာအောင်လက်မှတ်နှင့် အောင်ဆုများ ဆက်ကပ်ချီးမြှင့်ခဲ့ကြပြီး သံဃာတော်များအား ဆရာဆုများ၊ သြဝါဒါစရိယဆရာတော်ကြီးများနှင့် စာမေးပွဲဦးဆောင်ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာရဒ မော်တောင်ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာ တရားနာယူခဲ့ကြပြီး ရေစက်သွန်းချအမျှပေးဝခဲ့ကြသည်။ (၂၁)ကြိမ်မြောက် ပရိယတ္တိသာသနပါလ စာမေးပွဲတွင် ဓမ္မာစရိယတန်းကျမ်းဝက်အောင်(၅)ပါး၊ ပထမကြီးတန်း(၁)ပါး၊ ပထမငယ်တန်း(၁၂)ပါး၊ အခြေပြုမူလတန်း(၄၂)ပါး၊ အခြေခံတန်း (၅၂)ပါး အောင်မြင်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)