မြဝတီ ဇွန် ၂
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို အဆင့်မြှင့်တင်ဖော်ဆောင်ပေးလျက်ရှိသကဲ့သို့ ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာသင်ယူနိုင်စေရေးအတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေးနေ့အခမ်းအနားတွင် ကြီးကြပ်မှုကော်မတီနာယကဦးမြင့်ဦး(မြို့နယ်ပညာရေးမှူး-ငြိမ်း)၊ အ.ထ.က(၁)ကျောင်းအုပ်ဆရာကြီးဦးအုန်းမြင့်၊ အ.ထ.က(၁)အထက်တန်းပြဆရာမဒေါ်ခင်ထွေးရီ၊ မိဘ/ကျောင်းအကျိုးတော်ဆောင်ဦးမျိုးအောင်နှင့် အ.ထ.က(၁)ကျောင်းသူမဆောင်းနှင်းရွှေစင်တို့၏ ရင်တွင်းစကားသံများ တင်ပြလိုက်ပါသည်-
ဦးမြင့်ဦး(ကြီးကြပ်မှုကော်မတီ နာယက (မြို့နယ်ပညာရေးမှူး-ငြိမ်း))
ယနေ့ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မြို့နယ်ဖိတ်ကြားမှုနှင့်တက်ရောက်ပြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားမိဘများတွေ့ဆုံတဲ့အခါမှာလည်း မြဝတီမြို့နယ်၏ ပညာရေးကိုဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစွမ်းကုန်မြှင့်တင်ရေးလုပ်ငန်းတွေ အများကြီးရလာခဲ့ပါတယ်၊ မြဝတီမြို့နယ်အနေဖြင့် အခြေခံပညာကျောင်းပေါင်း(၁၀၅)ကျောင်းရှိပြီး ကိုယ်ပိုင်ကျောင်း(၆)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၅)ကျောင်း စုစုပေါင်းအခြေခံပညာသင်ကျောင်းပေါင်း(၁၁၆)ကျောင်းရှိပါတယ်၊ (၁၁၆)ကျောင်းအနက်မှ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စုစုပေါင်း(၇၉)ကျောင်းဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ကျန်ရှိတဲ့ကျောင်းတွေ ဆက်ပြီးဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေပါတယ်၊ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ ဒေသအာဏာပိုင်၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ပူးပေါင်းဆောင်ရွက်ညှိနှိုင်းလျက်ရှိပါတယ်။ အခြေခံပညာကျောင်းသား၊ ကျောင်းသူဦးရေ ၃၈၀၀၀ ခန့်မှန်းထားတာရှိပါတယ်၊ လက်ရှိအနေအထားအရကျောင်းအပ်နှံပြီး ကျောင်းသား၊ ကျောင်းသူ ၃၁၀၀၀ ကျော်ရှိပြီးဖြစ်ပါတယ်။ မကြာခင်မှာ သတ်မှတ်ဦးရေပြည့်မှာဖြစ်ပါတယ်။ အခြေခံပညာကျောင်းဘက်ကလည်း ကျောင်းတွေဖွင့်တဲ့အချိန်မှာ ကလေးတွေပညာသင်ကြားနိုင်ဖို့ ဆရာ/ဆရာမတွေကိုဖြည့်စွက်ပြီးတော့ ပြောင်းရွှေ့ခန့်ထားရေး ဆောင်ရွက်လျက်ရှိပါတယ်။ ပညာရေးဝန်ကြီးဌာနမှ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်အခမဲ့ဖြန့်ဝေပေးပါတယ်။ ဒါ့အပြင်ဒေသခံအလှူရှင်များကလည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် လှူဒါန်းမှုများစွာရှိပါတယ်၊ ဒီနေ့ဆိုရင်ဒေသခံအလှူရှင်တစ်ဦးက ဗလာစာအုပ်ဒါဇင်(၅၀၀၀)နှင့် ကွန်ပါဘူး(၅၀၀၀)ကို လှူဒါန်းပေးပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာသင်ကြားခွင့် အခွင့်အလမ်းများစွာရရှိပါတယ်။ ဒေသအခြေအနေအရ အားနည်းချက်ရှိသော်လည်း အခြေခံပညာကျောင်းတွေ အစွမ်းကုန်ဖွင့်လှစ်သင်ကြားနိုင်ဖို့ ပညာရေးဝန်ထမ်းများ၊ မိဘ၊ ဆရာများပူးပေါင်း၍ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ မြဝတီမြို့နယ်ပညာရေးဌာနအနေဖြင့် အခြေခံပညာကျောင်းများအားလုံးဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး အချိန်မီကျောင်းရောက်ရှိနိုင်ရေး စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။ မြဝတီမြို့နယ်မှာရှိတဲ့ ဒေသခံအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ မိဘ၊ ဆရာပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မြဝတီမြို့ဒီထက်မက ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။
ဦးအုန်းမြင့်(ကျောင်းအုပ်ကြီး၊ အ.ထ.က(၁) မြဝတီ)
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့သီတင်းပတ်ကို မေ ၂၃ ရက်နေ့မှ ဇွန် ၂ ရက်နေ့ထိ KG တန်းမှစ၍ Grade-12 ထိ ကျောင်းအပ်လက်ခံခြင်းဆောင်ရွက်ပေးနေပါတယ်။ မေလ ၂၉ ရက်နေ့ထိ ကျောင်းအပ်လက်ခံပြီး ကျောင်းသား၊ ကျောင်းသူဦးရေ KG တန်းမှစ၍ Grade-12 ထိ ၂၇၀၀ ကျော်လက်ခံပြီးဖြစ်ပါတယ်။ နောက်ရက်များမှာ ကျောင်းအပ်လက်ခံခြင်း ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ယခင်နှစ်ကျောင်းအပ်နှံမှု ယခုနှစ် ကျောင်းအပ်နှံလက်ခံမှု ဦးရေပိုများပါတယ်၊ နိုင်ငံတော်မှလည်း KG တန်းမှစ၍ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်ပေးမှုအပြင် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာရေးမျှော်မှန်းချက်နှင့်ပတ်သက်ပြီးတော့ စိတ်ဓာတ်ခွန်အားအနေနဲ့ဆိုရင် ပညာရေးဖြစ်သာ မိမိရဲ့ဘဝရည်မှန်းချက်ပန်းတိုင်လျှောက်လှမ်းရာတွင် အမှား/အမှန်ခွဲခြားသိမြင်နိုင်မည်ဖြစ်ကြောင်း၊ ကျောင်းနေစဉ်အချိန် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးဘက်စုံပညာရေးဆိုတဲ့ဆောင်ပုဒ်နှင့်အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်မှသာ ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့သားကောင်းများဖြစ်လာစေပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မယ့် လူတော်၊ လူကောင်းများဖြစ်လာမှာဖြစ်ပါတယ်၊ ဒါ့ကြောင့် မိဘ၊ ဆရာများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားလိုပါတယ်။
ဒေါ်ခင်ထွေးရီ(အထက်တန်းပြ၊ အ.ထ.က(၁) မြဝတီ)
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ်ပြည့်ပြီဖြစ်တဲ့အတွက် ဇွန်လ ၃ ရက် နေ့မှာ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ ဆရာ/ဆရာများ၏ အခန်းကဏ္ဍအနေနဲ့ကတော့ “ဆရာနှင့်စာ၊ ရေနှင့်ကြာ”ဆိုသကဲ့သို့ ကလေးများကို ပညာသင်ကြားပေးရမှာဖြစ်ပါတယ်။ ဆရာ/ ဆရာမများကတော့ ကျောင်းသား၊ ကျောင်းသူများ ကျောင်းသို့ရောက်ရှိရေး၊ ရောက်ရှိလာတဲ့ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းနေပျော်ပြီး စာတော်သောကလေးများဖြစ်လာအောင် အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ဗလငါးတန်ဖွံ့ဖြိုးပြီး အင်္ဂလိပ်စာ၊ သင်္ချာနှင့်ဘက်စုံစွမ်းရည်များထူးချွန်အောင် ကြိုးစားအားထုတ်နိုင်ရေးအတွက် ဆရာ/ဆရာမများကလည်း ကြိုးစားသင်ကြားပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင်လူရည်ချွန် မောင်၊ မယ်များပေါ်ထွက်လာရေးကိုလည်း မွေးထုတ်ပေးရမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရမှ ပြဌာန်းထားသော သင်ရိုးမာတိကာအပြင် တွဲဖက်သင်ရိုးမာတိကာဖြစ်တဲ့ သက်မွေး၊ စာရိတ္တ၊ ကာယပညာ၊ ကျောင်းလုပ်ငန်းစတဲ့အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်အောင်လည်း စနစ်တကျလမ်းညွှန်သင်ကြားပေးရမှာဖြစ်ပါတယ်။ ကျောင်းကောင်စီလှုပ်ရှားနိုင်မှု၊ အားကစားလှုပ်ရှားနိုင်မှုကိုလည်း အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ အခုဆိုရင်(KG+12)စနစ်သစ်ပညာရေးကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများ ဝိုင်းဝန်းကူညီဆောင်ရွက်မှသာလျှင်“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုတဲ့ဆောင်ပုဒ်နှင့်အညီ နိုင်ငံသစ်ဆီသို့တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒီဆောင်ပုဒ်တွေနှင့်အညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါလို့ ပြောကြားရင်းတိုက်တွန်းအပ်ပါတယ်။
ဦးမျိုးအောင်(မိဘ/ကျောင်းအကျိုးတော်ဆောင်၊ အ.ထ.က(၁) မြဝတီ)
ဒီကနေ့ကျောင်းအပ်နှံရေးနေ့အခမ်းအနားမှာ ကျောင်းသားမိဘ/ ကျောင်းအကျိုးတော်ဆောင်တစ်ဦးအနေဖြင့် ကျောင်းတွေပြန်ဖွင့်ကလေးစာပြန်သင်ရတာ ဝမ်းသာပီတိဖြစ်ရပါတယ်။ မိဘတွေအနေနဲ့ စီးပွားရေးတစ်ဘက်လုပ်ကိုင်နေရတော့ကလေးတွေအတွက် ပညာရေးသာအဓိပါ၊ ကျောင်းအကျိုးတော်ဆောင်အနေနဲ့ကျောင်းသား၊ ကျောင်းသူများရဲ့ပညာရေး၊ ကျန်းမာရေး၊ ကျောင်းလုံခြုံရေး၊ ကျောင်းရဲ့အထွေထွေကိစ္စ၊ သန့်ရှင်းရေးစသည်ဖြင့် ကျောင်းပြုပြင်ရေးအပိုင်းကအစ ဝိုင်းဝန်းကူညီထိန်းသိမ်းဆောင်ရွက်ပေးပါတယ်။ မိဘတွေက ကလေးပညာရေး ဒီထက်မက ပညာတတ်စေချင်ပါတယ်၊ ကျောင်းလည်းမပျက်စေချင်ဘူး၊ ကျောင်းပြန်ဖွင့်တဲ့အချိန် ကလေးတွေအတွက် များစွာဝမ်းသာပီတိဖြစ်ပါတယ်။
မဆောင်းနှင်းရွှေစင် (Grade-9 ၊ အ.ထ.က (၁) မြဝတီ)
သမီးအနေနဲ့ ကျောင်းလာရောက်အပ်နှံတဲ့အပေါ်မှာ ပထမအချက်ကတော့ အ.ထ.က(၁)ကျောင်းဝင်းကြီးထဲရောက်တာနဲ့ “မြန်မာ့ကျောင်း” သီချင်းသံကြားရတာနဲ့ ကျောင်းသား၊ ကျောင်းသူတိုင်း ကျောင်းတက်ချင်တဲ့စိတ်ဓာတ်ကို တိုက်တွန်းနှိုးဆော်ပေးတယ်လို့ ကျောင်းသူတစ်ဦးအနေနဲ့ ထင်မြင်မိပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ ကျောင်းလာရောက်အပ်နှံတဲ့နေ့မှာဆိုရင် သမီးမိဘကဲ့သို့အခြားကျောင်းသား၊ ကျောင်းသူတွေရဲ့ မိဘအုပ်ထိန်းသူမျက်နှာအပြုံးပန်းတွေကို တွေ့ရပါတယ်။ အဲလိုမြင်တွေ့ရတော့ သမီး အ.ထ.က(၁)ကျောင်းတော်ကြီးအတွက် ဂုဏ်ယူမိတဲ့အပြင် ကျောင်းသူတစ်ဦးဖြစ်တဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။ နောက်တစ်ချက်ကတော့ ကျောင်းလာရောက်အပ်နှံနေ့မှာဆိုရင် အတန်းတိုင်း ဆရာ/ ဆရာမတွေ ကျောင်းအုပ်ဆရာကြီးဦးအုန်းမြင့်၏ လမ်းညွှန်မှုအတိုင်း တာဝန်ကျေပွန်စွာထမ်းဆောင်ဖို့အတွက် စိတ်အားထက်သန်တာ တွေ့ရပါတယ်။ ဆရာ/ဆရာမအားလုံး သမီးတို့အပေါ်မှာ မေတ္တာ၊ စေတနာအပြည့်ထားပြီး ကြိုဆိုကျောင်းအပ်လက်ခံပေးတာတွေ့ရပါတယ်။ သမီးအနေနဲ့ အလုပ်ကြိုးစားတဲ့ ဆရာ/ဆရာမတွေ အားကျအတုယူပြီး ကျောင်းသူကောင်းတစ်ဦး တာဝန်ကျေပွန်စွာ ထမ်းဆောင်ချင်တဲ့စိတ်ဖြစ်လာပါတယ်။ စံပြကျောင်းသူတစ်ဦးဖြစ်အောင် ကြိုးစားချင်တဲ့စိတ်ထက်သန်လာပါတယ်။ ကျောင်းသူတစ်ဦးရဲ့အကြီးမားဆုံး ပီတိတစ်ခုကတော့ ကျောင်းသား၊ ကျောင်းသူတစ်ဦး/တစ်ယောက်ချင်းစီတိုင်းရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တဆိုတဲ့ နယ်ပယ်ရပ်သုံးခုလုံးမှာအဖက်ဖက်မှ တိုက်တွန်းနှိုးဆော်ပေးတဲ့ ကျောင်းတော်ကြီးမှာ ပညာသင်ကြားခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ နိုင်ငံတော်ကလည်း သမီးတို့ကျောင်းတက်အချိန် စာသင်ကြားရေးမှာအဆင်ပြေစေဖို့အတွက် ကျောင်းသုံးစာအုပ်၊ ဘောပင်၊ ခဲတံစသည်ဖြင့် နှစ်စဉ်နှစ်တိုင်းထောက်ပံ့ပေးပါတယ်။ ထောက်ပံ့ပေးတဲ့အပေါ်မှာ သမီးအနေနဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ကိုယ်စားဝမ်းသာပီတိဖြစ်ရပါတယ်။ ဒါ့အပြင် နိုင်ငံတော်က ပြိုင်ပွဲကျင်းပပေးပါတယ်။ ဥပမာ အားကစားပြိုင်ပွဲ၊ စာပေပြိုင်ပွဲနှင့်ဘက်စုံထူးချွန် ပြိုင်ပွဲတွေကို ကျင်းပပေးတာကြောင့် သမီးကတော့ ကျောင်းသား၊ ကျောင်းသူများရဲ့ အရည်အချင်းဖော်ထုတ်ခွင့်ရတဲ့အတွက် များစွာဝမ်းသာပီတိ ဖြစ်ရပါတယ်။
နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေးကဏ္ဍကိုဘက်ပေါင်းစုံမှ အဆင့်မြှင့်တင်ဖော်ဆောင်ပေးရာတွင် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်စေဖို့၊ ပညာသင်ယူနိုင်စေဖို့ အခမဲ့ပညာရေးစနစ်အပြင် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့်ကျောင်းဝတ်စုံ အခမဲ့ထောက်ပံ့ပေးခြင်းဖြင့် ပညာရေးကဏ္ဍကို များစွာအကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိပါသည်။ အလားတူ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၆၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၆ ကျောင်း စုစုပေါင်း ၇၉ ကျောင်းတို့၌ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို မေ ၂၃ ရက်နေ့မှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း