ပန်းတောင်း ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သစ်တောဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ ဒေသအပူချိန်လျော့ချနိုင်စေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈) နာရီအချိန်က နတ်မောက်အုပ်စု၊ ရေဝင်(ရွာလေး)ကျေးရွာ၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးမှူး ဦးလှိုင်ထူးမှ ပျိုးပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရထံပေးအပ်ခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှတဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား ပျိုးပင်များကို ဆက်လက်ပေးအပ်ခဲ့သည်။
အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်တွင် မန်ဂျန်ရှား (၃၀၀) ပင်၊ ကျွန်း (၁၀၀) ပင်၊ ပျဥ်းကတိုး (၄၀) ပင်၊ မဟော်ဂနီ (၄၀) ပင်၊ မယ်ဇယ် (၂၀) စုစုပေါင်း ပျိုးပင် (၅၀၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးလှိုင်ထူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တပ်မတော်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)