ရွှေဘို ဇွန် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏သားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ၊ ဝန်ထမ်းများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံပိုင်းက အဆိုပါရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မျိုးဝင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ မိဘများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မျိုးဝင်းက အဖွင့်အမှားစကားပြောကြားရာ ဝန်ထမ်းများသက်သာချောင်ချိရေးနှင့် တစ်ဖက်တစ်လမ်းမှအထောက်အကူပြုစေရန် နှစ်စဥ်ပညာသင်စရိတ်ထောက်ပံ့ကြေးများကို ပေးအပ်လျက်ရှိကြောင်း၊ မိမိတို့၏သားသမီးများအား ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်မှအားကိုးအားထားရမည့် လူတော်လူကောင်းများဖြစ်လာစေရေး ကြိုးစားအားထုတ်သွားကြရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မျိုးဝင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏သားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများကို ကျောင်းသား၊ ကျောင်းသူများထံသို့ အသီးသီးပေးအပ်ခဲ့ပြီးဝန်ထမ်းများအတွက် ဆန်များထောက်ပံ့ပေးအပ်ကာ တက်ရောက်လာကြသူများအား ကြာဇံချက်၊ မုန့်စားဖွယ်ရာမျိုးစုံတို့ဖြင့် တည်ခင်းကျွေးမွေးခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သော ရွှေဘိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်တွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ၊ စုစုပေါင်း(၃၁)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ်(၆၆၀၀၀၀ိ/) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)