ကြံခင်း ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသောကာရာအိုကေဆိုင်(၄)ဆိုင်၏ လုပ်ငန်းလိုင်စင်များလျှောက်ထားနိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဗီဒီယိုစိစစ်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးပြည်သိမ်းကျော်နှင့် မြို့နယ်ဗီဒီယိုစိစစ်ကြီးကြပ်ရေးကော်မတီဝင်များက ဗီဒီယိုအခြေခံအဖွဲ့မှချမှတ်ထားသောညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်(၁၉)ချက်အား သိရှိလိုက်နာဆောင်ရွက်သွားနိုင်ရေးနှင့် မြို့နယ်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီမှ ကာရာအိုကေဆိုင်ဖွင့်လှစ်ဆောင်ရွက်သွားနိုင်ရေးအတွက် သတ်မှတ်ထားသောအချက်(၅)ချက်နှင့်ညီ/မညီစစ်ဆေးခဲ့ကြသည်။
ကြံခင်းမြို့နယ်အတွင်း ကာရာအိုကေဆိုင်(၄)ဆိုင်ဖြစ်သော ဆုံဆည်းရာစားသောက်ဆိုင်၊ ရွှေမင်းသားစားသောက်ဆိုင်၊ (PALACE)စားသောက်ဆိုင်နှင့် နတ်သုဒ္ဓါစားသောက်ဆိုင်များရှိ ကာရာအိုကေလိုင်စင်နှင့်ပတ်သက်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့မှတာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)