ကြံခင်း ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Woman Club အဖွဲ့တို့ပူးပေါင်းပြီး စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသော ‟အမှန်တရားကို မြတ်နိုးသူ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြသည်။
စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားစေပြီး စာပေမှရရှိသော မှတ်သားလေ့လာထားသည်များကို အပြန်အလှန် ပူးပေါင်းဆွေးနွေးတတ်စေရန် ရည်ရွယ်ကျင်းပကြောင်း မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ရှင်းလင်းပြောကြားသည်။
ထို့နောက် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင် ဥက္ကဋ္ဌဦးအေးမြင့်အောင်(မိုးမြေသစ္စာ)က စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသော “အမှန်တရားကို မြတ်နိုးသူ” စာအုပ်မှ အမှန်တရားကို သိသူမြတ်နိုးသူနှင့် မသိသူတန်ဖိုးမထားသူတို့ လူ့အဖွဲ့အစည်းအတွင်း အောင်မြင်မှုရရှိပုံခြင်း မတူညီကြပါကြောင်း၊ သစ္စာတရားကိုရှာဖွေသူ၊ မြတ်နိုးသူ၊ ကျင့်သုံးပြီး နေထိုင်ကြိုးစားကြသူတို့သည် အောင်မြင်မှုရမှာဖြစ်ပါကြောင်းကို တိုက်တွန်းရေးသားထားသော စာအုပ်ပါအကြောင်းအရာများအား ဦးဆောင်ဆွေးနွေးပါသည်။
ဆက်လက်ပြီး Book Club အဖွဲ့ဝင် ဦးမျိုးဝင်း(ဆောင်းနတ်သျှင်)က “ပညာနှင့်တူသောအလင်း" ခေါင်းစဉ်နှင့်၊ Woman Club အဖွဲ့ဝင်ဒေါ်ဆန်းသစ်က “ပြုံးသူအောင်နိုင်" ခေါင်းစဉ်ပါ အကြောင်းအရာများအား အသီးသီးဆွေးနွေးကြရာ အဖွဲ့ဝင်များက အဆိုပါ ဆွေးနွေးချက်များအပေါ် မိမိတို့၏ သဘောထားအမြင်များအား အပြန်အလှန် ပူးပေါင်းဆွေးနွေးပေးခဲ့ကြသည်။
ထို့နောက် သုတ၊ ရသစာအုပ်မျိုးစုံအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူအဖွဲ့ဝင်များက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)