ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ငပုတောမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံပြီးစီးမှုများ ကြည့်ရှုစစ်ဆေး

ငပုတော ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့၊ အခြေခံပညာအထက်တန်းနှင့် ငပုတောမြို့နယ်၊ ဖျန်ရေကျော်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက် အထက်တန်း၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူများအတွက်  ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ မူလတန်းကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများအား မျှော်မှန်းကျောင်းသားဦးရေပြည့်မီရေး၊ အခြေခံပညာအလယ်တန်းအဆင့် Grade-6 ၊ Grade-7 ၊ Grade-8 ၊ Grade-9 တို့ကို တက်ရောက်မည့်ကျောင်းသား၊ ကျောင်းသူများအားလုံး စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်း ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး  ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)