စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အရိပ်ရပျိုးပင်များပေးအပ်

မုံရွာ ဇွန် ၂

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိမ်းသိန်းရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရန် လာရောက်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား အရိပ်ရပျိုးပင်များပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အမှတ်(၂၅)အခြေခံပညာအလယ်တန်းကျောင်းခွဲအနီးတွင် ကျင်းပရာပေးအပ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများနှင့်ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။   

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမှ မယ်ဇယ်၊ တမာ၊ တပေဘူတ၊ ဇန်ဒါ၊ ဆီသပြေ၊ ကုက္ကို အရိပ်ရပျိုးပင်ပေါင်း ၅၀၀ အား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရန် လာရောက်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ရပ်ကွက်နေပြည်သူများအား အသီးသီးပေးအပ်ခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဉပဓိရုပ်ကောင်းမွန်စေရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အမှတ်(၂၅)အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းပတ်ဝန်းကျင်နှင့်ကျောင်းဝန်းအတွင်း သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုအားပေးကြသည်။

ထို့နောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့်စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၄ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၆၀၀ ကျော်ဖြင့် ကျောင်းများဉပဓိရုပ်ကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်