ကော့သောင်းမြို့တွင် "သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး"ဟောပြောပွဲဆောင်ရွက်

ကော့သောင်း ဇွန် ၂

သစ်တော၊ သစ်ပင်နှင့်ဇီဝမျိုးကွဲများကို ချစ်မြတ်နိုးတတ်လာစေရန်၊ ရာသီဥတုပြောင်းလဲမှုကိုသိရှိနားလည်ပြီး သစ်တောများ၏ အကျိုးကျေးဇူးများသိရှိနားလည်စေရန် သစ်တောသစ်ပင်နှင့်ဇီဝမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို ပြည်နယ်နှင့်တိုင်း‌ဒေသကြီးများရှိ ခရိုင်၊ မြို့နယ်အသီးသီးတွင် ဟော‌‌ပြောပွဲများဆောင်ရွက်လျက်ရှိရာ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ အ.ထ.က(ခွဲ)အ.လ.က(၂)ရွှေမင်းဝံကျောင်းခန်းမတွင် ကျောင်းသား၊ ကျောင်းသူများအား "သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး" ဟောပြောပွဲဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ကော့သောင်းခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးတင်စိုးက သစ်တောများမှရရှိသောအကျိုးကျေးဇူးများနှင့် ဂေဟဝန်ဆောင်မှုများအကြောင်း‌ပြောကြား၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူဟိန်းစိုးက ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းအကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဟိန်းထက်အောင်-၂ က သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် သစ်တောများနှင့်ရေဝေရေလဲဒေသစီမံအုပ်ချုပ်ခြင်း အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးမေးမြန်းချက်များအပေါ်  တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ" သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး"ဟောပြောပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူးများ၊‌ မြို့နယ်ပညာရေးမှူး၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)