ဘုတ်ပြင်း ဇွန် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းနှင့်ဝန်ထမ်းသားသမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဝင်းက ဝန်ထမ်းနှင့်ဝန်ထမ်းသားသမီးများကို ပညာသင်ထောက်ပံ့မှုပေးခြင်းကို နှစ်စဉ်နှစ်တိုင်း ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ပညာသင်ယူတတ်မြောက်မှသာ အသိပညာဗဟုသုတပြည့်စုံ၍ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ပညာရှိမည်ဖြစ်သည့်အတွက် ပညာကိုဆုံးခန်းတိုင်သင်ကြားစေလိုပါကြောင်း၊ မိဘဆရာပူးပေါင်း ကလေးပညာကောင်းဆိုသော စကားရပ်နှင့်အညီ ကလေးများကျောင်းတက်ကတည်းက ဆရာများနှင့်ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်စေလိုပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိ၍ လှပတဲ့အနာဂတ်ကို ဖန်တီးနိုင်သည့် လူရည်ချွန်၊ လူရည်မွန်သားကောင်းရတနာ သမီးကောင်းရတနာများဖြစ်လာကြစေရန် ကြိုးစားစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဝန်ထမ်းနှင့်ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူများကို ကျောင်းသုံးပစ္စည်းများနှင့်ပညာသင်ထောက်ပံ့ကြေးငွေများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၂၆)ဦးအတွက် ကျောင်းသုံးပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေး ငွေကျပ်(၅၂၅၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းပြန်/ဆက်