ပဲခူး ဇွန် ၁
တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄) ကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် အခြေခံအားဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ လုံလောက်သည့် မြေဧရိယာ ပေါများခြင်း၊ လုပ်သားအင်အား ပေါကြွယ်ဝခြင်းနှင့်အတူ ဘေးကင်းလုံခြုံပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အာမခံချက်ရှိသည့် နေရာကိုသာ အဓိကရွေးချယ်ဆောင်ရွက်ခြင်းဖြစ်၍ မိမိတို့ တိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများအား နွေးနွေးထွေးထွေး ကြိုဆိုလျက်ရှိကာ ရေရှည်ရင်းနှီးမြှုပ်နှံနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်သားအင်အားများများ တစ်ပြိုင်တည်း အလုပ်အကိုင် အခွင့်လမ်းပေးနိုင်သည့် CMP လုပ်ငန်းများကိုလည်း လာရောက်လုပ်ကိုင်နိုင်ရန် ဖိတ်ခေါ်
ဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားအလို့ဌာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်၊ ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးရန်၊ ဒေသခံပြည်သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးလာစေရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ယှဉ်တွဲလုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် ဒေသတွင်း နိုင်ငံတကာစံနှုန်းနှင့်ညီသော စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ခေတ္တအတွင်းရေးမှူးက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်တစ်ခု၏ လုပ်ငန်းစီမံချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များက အကြံပြုဖြည့်စွက်တင်ပြခဲ့မှုပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများ၏ တင်ပြချက်များအရ မေလအတွင်း ပဲခူးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁.၁) သန်းနှင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း (၈၉၃) ဦး ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မေလအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်ဒေါ်လာ (၂၀၀.၁၁၅) သန်းနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု မြန်မာငွေကျပ် (၈၁၁၁၁.၀၁၁) သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၁၂၄၉၀) ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)