ပေါင်းတည်မြို့၌ နွေစပါးများရိတ်သိမ်းလျက်ရှိ

ပေါင်းတည် ဇွန် ၁

ယခုရက်ပိုင်း နွေစပါးစိုက်တောင်သူများသည် ရိတ်သိမ်းစက်များ၊ စပါးသယ်ယာဉ်များ၊ ကတ္တားများ၊ တင်းတောင်းများဖြင့် စပါးရိတ်သိမ်းမှု လုပ်ငန်းခွင်ဝင်လျက်ရှိပြီး ရိတ်သိမ်းခြွေလှေ့ပြီး စပါးအစိုများကို သိမ်းဆည်းခြင်း၊ နေလှန်းခြင်း၊ ချိန်တွယ်ခြင်း၊ အိတ်သွတ်ခြင်းများကို လုပ်ကိုင်နေကြပြီး တချို့တောင်သူများမှာ စပါးရောင်းချရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် စပါးစျေး မတည်ငြိမ်သည့်အပြင် ရွှေစျေးဂယက်ထမှုကြောင့် ရွှေချစ်သူ ကျေးလက်တောင်သူများအနေဖြင့် သီးနှံပေါ်ချိန်တိုင်း ဝယ်ယူလေ့ရှိသောရွှေကို ဝယ်ယူနိုင်ရေး လက်လှမ်းမမီဖြစ်နေကြကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအကျိုးအမြတ်ခံစားနိုင်ရန် မိမိတို့စပါးများ စျေးကောင်းရရန် မျှော်လင့်နေကြကြောင်း နွေစပါးစိုက်တောင်သူ အသိုင်းအဝိုင်းမှ သိရသည်။

လယ်လုပ်သူမဟုတ်သော အခြေခံစားသုံးသူ ပြည်သူများက ရွှေနှင့် စပါးနှိုင်းယှဉ်ပါက  အသက်ရှင်နေထိုင်နိုင်ရေးအတွက် စားရေးသည် ဦးစွာပထမအဓိကဖြစ်၍ ဆန်စပါးသည် မရှိမဖြစ် အရေးပါကြောင်း​ပြောဆိုနေကြပြီး ရွှေစျေးနှုန်း အတက်အကျထက် ဆန်စပါးစျေးနှုန်း အတက်အကျကိုသာ စိတ်ဝင်စားကြကြောင်းနှင့် သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးကိုသာ ​မျှော်လင့်လျက်ရှိကြောင်း သိရသည်။

ရွှေသား (ပေါင်းတည်)